ဒေးဒရဲ ဧပြီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆဌမမြောက်နေ့ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များကို ယနေ့ နံနက်ပိုင်း (၉)နာရီက မြို့နယ်အတွင်းရှိ စာစစ်ဌာန (၃)ခု၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ကြောင်း သိရသည်။
ဒေးဒရဲမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြို့နယ်အတွင်းရှိ အ.ထ.က (၁)၊ အ.ထ.က (တော်ကမယ်)နှင့် အ.ထ.က(ကျုံဒါး) စုစုပေါင်း စာစစ်ဌာန (၃)ခုတို့၌ ဇီဝဗေဒဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား (၁၉)ဦး၊ ကျောင်းသူ (၃၈)ဦး စုစုပေါင်း (၅၇)ဦး၊ ဘောဂဗေဒဘာသာရပ်တွင် ကျောင်းသား (၃၆၃)ဦး၊ ကျောင်းသူ (၅၀၉)၊ စုစုပေါင်း (၈၇၂)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ပျက်ကွက်သူ (၈၅)ဦးရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်ရှိ စာစစ်ဌာန(၃)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေချိန်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများ၊ လူမှုရေးအသင်းများအပါအဝင် ကျောင်းအပြင်စည်း လုံခြုံရေးကော်မတီဝင်များက စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြီးကြပ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အေဇာလင်း