ချောင်းသာ ဧပြီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တို့ပူးပေါင်းပြီး ယနေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ပြီး ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက်ကာကွယ်တားဆီးနိုင်ရေး သတိပြုကြရမည်ဖြစ်သော်လည်း ကြောက်စရာ မဟုတ်ပါကြောင်း၊ မိဘပြည်သူများအနေနှင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွားလာခြင်း၊ ပြင်ပထွက်တိုင်း နှာခေါင်းစည်း(Mask)တပ်ခြင်း၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်းစသည့် စည်းမျဉ်း၊ စည်းကမ်းများကို ဆက်လက်လိုက်နာ ကျင့်သုံးသွားကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရပ်ကွက်များအတွင်း အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအနေဖြင့် သတ်မှတ်ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးထိုးနှံမှု ခံယူကြပါရန်တို့ကို တိုက်တွန်းနှိုးဆော်မှုများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)