ကျိုက်လတ် ဧပြီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုဖြစ်သည့် အ.ထ.က(၁)၊ အ.ထ.က(ရုံးဒေါင့်)၊ အ.ထ.က(လှိုင်းတာ)၊ အ.ထ.က(အိမ်ယာကြီး)၊ အ.ထ.က(ထရော်ရွာသစ်)ကျောင်းများ၌ ဝင်ရောက်ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၂၈၄) ဦး စာရင်းပေးသွင်းထားပြီး ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ (၁၁၅၅)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ (၁၂၉)ဦး ပျက်ကွက်သောကြောင့် ယနေ့ဖြေဆိုသူ ၈၉.၉၅% ရှိကြောင်းနှင့် ယနေ့တွင် အတွဲ(၁)နှင့် အတွဲ(၇) ဖြေဆိုသူကျောင်းသား ကျောင်းသူများ၏ နောက်ဆုံးနေ့ဘာသာရပ်ကို ဖြေဆိုခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျိုက်လတ်မြို့နယ်ရှိ စာစစ်ဌာန(၅)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြီးကြပ်ပေးလျက်ရှိပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များအပါအဝင် ကျောင်းအပြင်စည်း လုံခြုံရေးကော်မတီဝင်များကလည်း စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ရီရီမြင့်