နတ်မောက်မြို့နယ်၌ နွေရာသီ မြန်မာစာ စာစီစာကုံးရေးနည်း အခြေခံသင်တန်း အခမဲ့ဖွင့်လှစ်

နတ်မောက် ဧပြီ ၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား နွေရာသီ မြန်မာစာ စာစီစာကုံးရေးနည်း အခြေခံသင်တန်းကို ယနေ့နံနက် (၉) နာရီ အချိန်ခန့်က ဘက်စုံသုံးခန်းမတွင် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါဖွင့်ပွဲ အခမ်းအနားတွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/သူ ကလေးငယ်များအား စာစီစာကုံးရေးသားရာတွင် အဓိကအချက် ဖြစ်သော သဒ္ဒါနည်းမှန်ကန်စေရန်၊ စာစီစာကုံးသည် ရှင်းလင်းပြေပြစ်၍ အဓိပ္ပါယ်ရှိစေရန်၊ အကောင်းဆုံးသော လေ့ကျင့်မှုမှာ စာများများ ဖတ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းနည်းပြ ဆရာဦးဇင်ညီညီထွဋ်က စာစီကုံးရေးသားနည်း (၄)မျိုးရှိပြီး (၁) သရုပ်ဖော်ရေနည်း၊ (၂) ဖြစ်စဉ်ပြရေးနည်း၊ (၃)ဖွင့်ဆိုပြရေးနည်း၊ (၄)ကျိုးကြောင်း ပြရေးနည်းများရှိပြီး အဓိကကျသော ပုံစံ(၂)မျိုးမှာ “သုတ”လို့ခေါ်သည့် ဗဟုသုတအကြောင်း အရာများကို အသားပေး ရေးသားနည်းဖြစ်ပြီး၊ “ရသ” လို့ခေါ်သည့် ခံစားမှုများကို ဦးစားပေး ရေးသားနည်းတို့ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

နွေရာသီ မြန်မာစာ စာစီစာကုံးရေးသားနည်း အခြေခံသင်တန်းကို အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၅)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၃၀)ဦး စုစုပေါင်း (၆၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီလ (၆) ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေး သွားမည် ဖြစ်ကြောင်း သိရသည်။

သင်းသင်းမြတ်