ကော့ကရိတ်ကရိတ် စက်တင်ဘာ ၁
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေး ဦးစီးဌာနတို့သည် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လက်လီလက်ကားရောင်းချနေသော စျေးဆိုင်များသို့ ကိုဗစ်-၁၉ ကာလအတွင်း စားသုံးကုန်များ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ၊ မရှိ သွားရောက်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အထောက်အကူ ပြုပစ္စည်းများ၊ ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချ ဖြန့်ဖြူးခြင်း၊ စျေးကစားရန် သိုလှောင်ထားခြင်းမရှိစေရေးအတွက် ကော့ကရိတ်မြို့မစျေးကြီးရှိ စားသောက်ကုန်စုံဆိုင်များနှင့် ပြင်ပကုန်စုံဆိုင်များသို့ စစ်ဆေးဆောင်ရွက်ခဲ့သည်။
စားသုံးကုန်ရောင်းချသူများမှလည်း စျေးနှုန်းများကို မြှင့်တင်ရောင်းချခြင်းမရှိပါကြောင်းနှင့် ယိုးဒယားနိုင်ငံမှ ပစ္စည်းများအား ထိုင်းဘတ်စျေးအတက်အကျပေါ်မူတည်၍ အနည်းငယ်အတက်အကျရှိကြောင်း၊ ဝယ်ယူစားသုံး သူများအနေဖြင့်လည်း ဒေသပေါက်စျေးသာဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံက ပြောကြားခဲ့သည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)