ခင်ဦး ဧပြီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင် ခရီးသွားများနှင့် ဈေးဝယ်သွားလာသည့် ပြည်သူများအား ခရီးသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်) ကိုင်ဆောင် သွားလာရေး စစ်ဆေးခြင်း၊ အသိပညာပေး ဆွေးနွေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ယနေ့ နံနက် ၈ နာရီက မြို့ဝင်ဂိတ်တွင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ဝန်ထမ်းများနှင့် လူမှုရေး အသင်းအဖွဲ့များက ခရီးသွားပြည်သူများအနေဖြင့် ခရီသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်) ကိုင်ဆောင် သွားလာမှုရှိစေရန် စစ်ဆေးခြင်း၊ မှတ်ပုံတင် မရှိသေးပါက သက်ဆိုင်ရာမြို့နယ်များတွင် ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးလျက်ရှိကြောင်း၊ ယာဉ်မောင်းများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပါရှိမှသာ ခရီသည်များအား တင်ဆောင်ခြင်း ပြုကြရန် ဧပြီလ ၁ ရက်နေ့က စတင်ပြီး အသိပညာပေးဆွေးနွေးလျက် ရှိသည်။
ဆက်လက်ပြီး ခရီသွားများနှင့် ဈေးဝယ်သွားလာနေသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးပါက စိစစ်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီအဖွဲ့တို့က စစ်ဆေးရေးဂိတ်တွင် တစ်ခါတည်း ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)