မောင်တော ဧပြီ ၅
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအား စာစစ်ဌာန သုံးခုဖွင့်လှစ်၍ နံနက် ၉ နာရီအချိန်မှ မွန်းတည် ၁၂ နာရီအချိန်ထိ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရူပဗေဒ ဘာသာရပ်အား ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
ယင်းသို့ ဖြေဆိုရာတွင် မောင်တောမြို့၌ အမှတ်(၁) အခြေ ခံ ပညာ အထက်တန်းကျောင်း ၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် တောင်ပြိုလက်ဝဲ စာစစ်ဌာန သုံးခုတွင် ဖြေဆိုရန် စာရင်းရှိ ကျောင်းသား/သူ ဦးရေ (၁၂၂၉)ဦးရှိသည့်အနက် ရူပဗေဒ ဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူပေါင်း ကျား(၇၃၈)ဦးနှင့် မ(၃၄၆)ဦး၊ ပေါင်း(၁၀၈၄)ဦးရှိပြီး ဖြေဆိုမှု ပျက်ကွက်သူ ကျား(၁၂၁)ဦး၊ မ(၂၄)ဦး၊ ပေါင်း(၁၄၅)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့ကြသဖြင့် ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၈၈.၂၀)ဖြစ်ရာ ပျက်ကွက် ရာခိုင်နှုန်းမှာ (၁၁.၈၀)ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကျောင်းအတွင်း/အပြင် လုံခြုံရေးများ ထားရှိကာ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)