စစ်တွေ ဧပြီ ၅
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာနှင့်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၂) ကို ယမန်နေ့နေ့လယ်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းနိုင်ရေးအတွက် ဦးစီးကော်မတီအပါအဝင် လုပ်ငန်းကော်မတီ ၁၂ ခုဖွဲ့စည်းဆောင်ရွက်ထားရှိပြီး ယခင်နှစ်များထက် ပိုပြီးစည်းကားပျော်ရွှင်အောင် လမ်းလျှောက်သင်္ကြန်ကျင်းပရေး လုပ်ငန်းကော်မတီတစ်ခုကို ထပ်မံဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးသည် သင်္ကြန်ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး နောက်ဆုံးပြုလုပ်သည့် အစည်းအဝေး ဖြစ်သည့်အတွက်ကြောင် လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုများ၊ ထပ်မံဆောင်ရွက်မည့် အစီအမံနှင့် ကုန်ကျငွေများအား အတည်ပြုချက်ရယူနိုင်ရေး ဆွေးနွေး ပေးကြစေလိုကြောင်း၊ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို စည်းကမ်းရှိရှိနှင့် စည်ကားသိုက်မြိုက် ပျော်ရွှင်အောင်မြင်စွာ ကျင်းပနိုင်ရန် အများပြည်သူလုံခြုံစိတ်ချစွာနှင့် သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲနိုင်ရန် ဆန္ဒရှိပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ဌာနဆိုင်ရာများသာမက ပြည်သူလူထုနှင့်ပါ အတူတကွပူးပေါင်းပြီး နှစ်သစ်ကူး အတာသင်္ကြန်အခါသမယကို ချစ်ခင်စည်းလုံးစွာ ဖြတ်သန်းနိုင်ကြရန် အထူးအလေးထားမှာကြားလိုပါကြောင်းနှင့် အတာသင်္ကြန်ပွဲတော်ကို ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် တက်ရောက်လာကြသော ကော်မတီဝင်များက စိတ်ရောကိုယ်ပါ အားတက်သရော ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးရဲထွန်းဇော်က မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအား ဖတ်ကြားတင်ပြသည်။ ဆက်လက်၍ လုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်ကြသော ပြည်နယ်ဝန်ကြီးများက မိမိတို့ ကော်မတီများအလိုက် လုပ်ငန်း ဆောင်ရွက်ပြီးနေမှု၊ နံ့သာသွေးပွဲ၊ ဘုရားရေသပ္ပါယ်ပွဲ၊ ဗဟိုမဏ္ဍပ်ဖွင့်ပွဲ၊ ပိတ်ပွဲ၊ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်း ပရိတ်တရား နာကြားရေးတို့နှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး လုပ်ငန်းကော်မတီ အတွင်းရေးမှူးများ ဖြစ်ကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေများ ဆွေးနွေးတင်ပြကြသည်။
အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဖွဲ့စည်းတာဝန်ပေးထားသည့် ကော်မတီများအနေဖြင့် လုပ်ငန်းတာဝန်များကို လိုအပ်သကဲ့သို့ အဖက်ဖက်ကအသေးစိတ် အချိန်မီအောင် ကော်မတီအချင်းချင်းချိတ်ဆက်ကာ ဆောင်ရွက်သွားကြရန် နိဂုံးချုပ်အမှာစကားပြောကြား ပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)