သဲကုန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး Mobile အစီအစဉ်ဖြင့် ကျေးရွာအရောက် ကွင်းဆင်းထိုးနှံပေး

သဲကုန်း ဧပြီ ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရန်၊ တစ်မြို့နယ်လုံး အသက် ၁၈နှစ်အထက် ပြည်သူများအား ကာကွယ် ဆေးထိုးနှံမှု ရာခိုင်နှုန်း အပြည့်အဝ လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုက်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက Mobile အစီအစဉ်ဖြင့် ကျေးရွာအရောက် ကွင်းဆင်းထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် ယမန်နေ့အထိ အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူဦးရေ (၉၆၈၆၀)ဦးအနက် ပထမအကြိမ် ဆေးထိုးပြီးသူ (၇၂၂၇၃)ဦး၊ ဒုတိယအကြိမ် ဆေးထိုးပြီးသူ (၆၉၈၄၀) ရှိပြီး၊ ကာကွယ်ဆေး လုံးဝမထိုးရသေးသူ (၂၄၅၈၇) ဦးအား ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး တစ်အိမ်တက်ဆင်း လိုက်လံစာရင်း ကောက်ယူ၍  ကာကွယ်ဆေးထိုးနှံခြင်းကြောင့် ရရှိမှု အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားကာ စည်းရုံးဆောင်ရွက် သွားလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

ဝင့်နန္ဒာဌေး