မြို့သစ် ဧပြီ ၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ် မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်နိုင်ရေးအတွက် အသိပညာပေးခြင်းများကို ယနေ့နံနက်ပိုင်းက မြို့သစ်မြို့၏ အချက်အခြာနေရာဖြစ်သည့် မြို့အဝင်နေပြည်တော်လမ်းဆုံ ဂိတ်နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်လဝကဦးစီးမှူး ဦးတင်စိုးနှင့်ဝန်ထမ်းများက ပြည်သူများအနေဖြင့် မြို့နယ်ပြင်ပသို့ထွက်ခွာရာတွင် လဝကမှ ထုတ်ပေးထားသည့် နိုင်ငံသားကတ်၊ ဧည့်နိုင်ငံသားကတ်၊ နိုင်ငံသားပြုခွင့်ကတ်နှင့် အမျိုးသားမှတ်ပုံတင်တို့ကို မိမိနှင့်တပါတည်း ယူဆောင်သွားကြရန်၊ တည်းခိုနေထိုင်ရာ နေရာများတွင်လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်း ကောင်းတရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ်မှတ်ပုံတင်အား ပြသစစ်ဆေးခံရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင် ရှိ/ မရှိ စစ်ဆေးနေခြင်းသာဖြစ်ပြီး မှတ်ပုံတင်မရှိပါက မိမိနေရပ်သို့ ပြန်လည်ရောက်ရှိသည့်အခါ လျှောက်ထားနိုင်ရေးအတွက် အကူအညီပေးရန် နေရပ်လိပ်စာ၊ ကိုယ်ရေးအချက်အလက်အမှန်အား ပေးကြပါရန် မိဘပြည်သူများသို့ အသိပေးကြေညာခြင်းဖြစ်ကြောင်း သိရသည်။
အသက်(၁၆)နှစ်နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ပန်းခင်းစီမံချက်ဖြင့် သက်ဆိုင်ရာ မြို့နယ်လဝကရုံးများတွင် ဆောင်ရွက်ပေးခြင်း၊ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းများအား နိုင်ငံတစ်ဝှမ်းလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်၍ နိုင်ငံသားကတ်(မှတ်ပုံတင်)အစား ထောက်ခံစာများအား ပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများကို မြို့သစ်မြို့နယ်အတွင်း ၂၀၂၂ ခုနှစ် ဧပြီလ(၁)ရက်နေ့မှစ၍ ခွင့်ပြုတော့မည်မဟုတ်ကြောင်းလည်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)