ဒေါပုံ စက်တင်ဘာ ၁
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ပုံစံ(၁ဝ) နှင့်ပုံစံ(၁ဝ-က) အမည်စာရင်းများကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဩဂုတ် (၃၀) ရက်နေ့မှစ၍ ကပ်ထား ကြေညာပေးလျက် ရှိသည်။
ထို့သို့ကြေညာရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဒေါပုံမြို့နယ်မှ ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း မဲဆန္ဒနယ် အမှတ်(၈) ကိုယ်စားလှယ်လောင်း(၄) ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၆)ဦး၊ ဒေါပုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် လောင်း (၆)ဦး၊ ဒေါပုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း(၅)ဦး၊ ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော် မဲဆန္ဒနယ်(ကရင် တိုင်းရင်းသားလူမျိုး) လွှတ်တော် ကိုယ်စားလှယ်လောင်း(၇)ဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (ရခိုင်တိုင်းရင်းသားလူမျိုး) ကိုယ်စားလှယ်လောင်း(၆)ဦးများ၏ အမည်စာရင်းများကို အများ ပြည်သူ သိရှိစေရန် ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။
ဒေါပုံမြို့နယ် တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ရွေးခံမည် ပါတီများမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင် စု ကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပါတီ၊ ပြည်သူ့ပါတီ၊ မွန်ပြည်သူ့ပါတီ တို့ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ထံမှ သိရှိရသည်။
သဲစုစုလွင်(ပြန်/ဆက်)