ပခုက္ကူမြို့၊ အမှတ်(၆)တိုးချဲ့(၂)ရပ်ကွက်၊ (၁၃)လမ်း၌ ဝါယာရှော့မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

ပခုက္ကူ  ဧပြီ ၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၆)တိုးချဲ့(၂)ရပ်ကွက်၊ (၁၃)လမ်း၌ ယမန်နေ့ ည ၉ နာရီကျော်ခန့်က လူနေအိမ်(၃)လုံး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ပခုက္ကူခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်နိုင်ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၃၀)ဦးတို့က မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ အထောက်အကူပြုယာဉ်နှစ်စီးတို့ဖြင့် ရပ်ကွက်နေ ပြည်သူများနှင့်အတူ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ မိနစ် ၂၀ အချိန်ခန့်တွင် လုံးဝမီးငြိမ်းသွားခဲ့သည်။

ဖြစ်စဉ်မှာ အဆိုပါရပ်ကွက်နေ ဦးကုလား(ခ)ဖိုးထွန်း(ဘ)ဦးထွေးရင်၏ အိမ်တွင် လျှပ်စစ်ဝါယာရှော့ ဖြစ်ပွားရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိ လူနေအိမ်နှစ်လုံးထံ မီးကူးစက်ခဲ့ခြင်း ဖြစ်သည်။ မီးလောင်မှုကြောင့် လူနေအိမ် (၃) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး  လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း၊ မီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲသူ ဦးကုလား(ခ)ဖိုးထွန်းအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)