မြဝတီမြို့၌ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စတင်ဖြေဆို

မြဝတီ မတ် ၃၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်း ယနေ့နံနက်က  စတင်ဖြေဆို လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၅၉၇ ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ရက်နေ့အထိ ဖြေဆိုကြရမည်ဖြစ်ပြီး မြဝတီမြို့နယ်တွင် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း စာစစ်ဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း၊ သင်္ဃန်းညီနောင်စာစစ်ဌာန နှစ်ဌာနဖြင့် ဖြေဆိုခြင်းဖြစ်သည်။

အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ကျောင်းသား၊ကျောင်းသူ ၄၃၂ ဦး၊ အခြေခံပညာအထက်တန်းကျောင်း၊ သင်္ဃန်းညီနောင်စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ ၁၆၅ ဦး၊ စုစုပေါင်း ၅၉၇ ဦး ဖြေဆိုခဲ့ရာ မြဝတီမြို့နယ်အနေဖြင့် ၈၉ ဒဿမ ၇၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ပညာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)