မြိတ်မြို့တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)သင်တန်းဆင်း

မြိတ်    မတ်     ၃၁

နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝ မြှင့်တင်နိုင်စေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)ကို ယနေ့ နံနက် (၁၀)နာရီက သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က  သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပြီး သင်တန်းထူးချွန်ဆုရရှိသော သင်တန်းသူ မသင်းသင်းအေးအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒေါ်နန်းနန်းက ထူးချွန်ဆု အပ်ချုပ်စက်တစ်လုံး ပေးအပ်၍ သင်တန်းဆင်းလက်မှတ်ကို သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်ဆုမြတ်အေးက သင်တန်းသူ များအား ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းသူများကိုယ်စား သင်တန်းသူ မအေးအေးယုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက သင်တန်းသူများ၏ သင်တန်းဆင်း လက်ရာများကို ကြည့်ရှုအားပေးခဲ့ကြသည်။

သင်တန်းတွင် ကလေးဝတ်ဘာသာရပ်၊ အမျိုးသားဝတ်ဘာသာရပ်၊ အမျိုးသမီးဝတ် ဘာသာရပ်၊ ခေတ်မီ ပုံဆန်းအင်္ကျီများချုပ်နည်းများကို ဂျပန်စင်တီမီတာနည်းဖြင့် အပ်ချုပ်စက်၊ ဘီတင်စက်၊ ဒါးစက်၊ မော်တာ အပ်ချုပ်စက်နှင့် ကွန်ပျူတာအပ်ချုပ်စက်များဖြင့် အခြေခံသင်ခန်းစာများ၊ အဆင့်မြင့်သင်ခန်းစာများ သင်ကြားပေးခဲ့ကြောင်း၊ ထို့အတူ အိမ်တွင်းမှုဘာသာရပ်များဖြစ် သည့် လက်မှုဘာသာရပ်များ၊ ဟင်းလျာချက်ပြုတ်နည်း ဘာသာရပ်နှင့် မုန့်လုပ်နည်းဘာသာ ရပ်များကို သင်တန်းကာလ ရက်သတ္တပတ် (၁၈)ပတ်ကာလအတွင်း စာတွေ့လက်တွေ့ သင်ကြားပေးပြီး အသိညာပေးဟောပြောပွဲများလည်း ကျင်းပပေးကြောင်း သိရသည်။

သင်တန်းကို မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များမှ အသက်(၁၆)နှစ်မှ(၃၀)ကြား အမျိုးသမီးငယ် (၃၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကျောင်းမှ သင်တန်းသူ တစ်ဦးကို ပိတ်စကိုက်(၂၀)၊ သိုးမွေး၊ စီလွန်များ၊ လက်မှု ဘာသာရပ်ပစ္စည်းများ၊ အသွားအပြန်ခရီးစရိတ်များနဲ့ အဆောင်နေ သင်တန်းသူများကို တစ်ရက်(၇၅၀)ကျပ်နှုန်းဖြင့် စားစရိတ်များလည်း ထောက်ပံ့ပေးကြောင်း သင်တန်းကျောင်းမှ သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)