ကြံခင်း မတ် ၃၁
၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့ရှိ စာစစ်ဌာန(၅)ခုတွင် ယနေ့ နံနက် ၉ နာရီက အေးချမ်းပျော်ရွှင်စွာ စတင်ဖြေဆိုကြကြောင်း သိရသည်။ ကြံခင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုဖြစ်သော အ.ထ.က (၁) ကြံခင်း၊ အ.ထ.က(ဘက်ရဲ)၊ အ.ထ.က(ဆိပ်သာ)၊ အ.ထ.က(မျောက်ချောကုန်း)၊ အ.ထ.က (ရေနံတောင်) ကျောင်းတို့တွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၅၂၂)ဦးရှိသည့်အနက် ယနေ့ဖြေဆိုသူ ဦးရေ(၄၇၁)ဦး ဝင်ရောက်ဖြေဆိုကြောင်း၊ ဖြေဆိုမှုရာခိုင်နှုန်းမှာ(၉၀.၂၃) ရှိကြောင်းနှင့် ယနေ့မြန်မာစာဘာသာကို အေးချမ်းစွာ စတင်ဖြေဆိုကြကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းဖြေဆိုကြသော ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ ခုံအမှတ် နှင့် ဖြေဆိုရမည့်အခန်းအား သိရှိစေရန် ကျောင်းရှေ့တွင် စနစ်ညွှန်းပြပုံ၊ ထိုင်ခုံပြဇယားများကို ပြဘုတ်ဖြင့် ကပ်ပေးထားကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးမှူး ဦးအေးထွန်းနှင့် ကြီးကြပ် ဆရာ၊ ဆရာမများ၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက စာစစ်ဌာနအလိုက် စနစ်တကျ စောင့်ကြပ်ပေးလျက်ရှိကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)