ရွှေတောင်မြို့၌တက္ကသိုလ်ဝင်တန်းစာမေးပွဲ‌ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိ

ရွှေတောင် မတ် ၃၁

ပဲခူးတိုင်းဒေသကြီး ​ပြည်ခရိုင် ရွှေတောင်မြို့၌ မတ်လ ၃၁  ရက်မှ ဧပြီလ ၉ ရက်နေ့ အထိကျင်းပမည့် ၂၀၂၁-  ၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစတင်၍ သက်ဆိုင်ရာစာစစ်ဌာနများတွင် အေးချမ်းစွာ ​​ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်းဖြေဆိုသူ ဦးရေ(၅၁၅) ဦး၊ ကျောင်းပြင်ပဖြေဆိုသူ (၃၁၃)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၈၂၈)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲကျင်းပသည့် စာစစ်ဌာန ကျောင်း (၅)ကျောင်းတွင် အထကရွှေတောင်တွင် (၄၆၆) ဦး၊ အထကကြာနီကန်တွင် (၇၃)ဦး၊ အထကကျီးသဲတွင် (၉၃) ဦး၊ အထကညောင်စာရေးတွင် (၅၁)ဦး၊ အထကယင်းမူကုန်းတွင် (၇၈) ဦး စုစုပေါင်ကျောင်းသား၊ ကျောင်းသူ (၇၆၁)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းနှင့် ဖြေဆိုသည့် ရာခိုင်နှုန်း ၉၁.၉၁ ရာခိုင်နှုန်းရှိကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ စာမေးပွဲ ဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကိုကိုမင်း (ပြန်/ဆက်)