ပြည် မတ် ၃၁
နိုင်ငံတစ်ဝန်း ယနေ့နံနက် ၉ နာရီက စတင်ကျင်းပလျက်ရှိသည့် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (ပထမနေ့)တွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်၏ စာစစ်ဌာနငါးခု၌ မြန်မာစာဘာသာရပ်အား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာ စတင်ဖြေဆိုလျက်ရှိသည်။
ကျောင်းသားကျောင်းသူများ အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အလိုက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မိဘဆရာအသင်းနှင့် ကျောင်းကော်မတီမှ တာဝန်ရှိသူများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်မြို့နယ်တွင် အထက(၁)၊ အထက(၄)၊ အထက(၅)၊ အထက (ဝက်ထီးကန်)နှင့် အထက(ပေါင်းတလည်)အစရှိသည့် မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော စာစစ်ဌာန ငါးခု၌ နေ့ရက်အလိုက် သက်ဆိုင်ရာ ဘာသာရပ်များကို မြို့နယ်အတွင်း အခြေခံပညာ အထက်တန်းကျောင်း (၁၂)ကျောင်း၊ အထက(ခွဲ)၉ ကျောင်းနှင့် ဘကကျောင်း အပါအဝင် ကိုယ်ပိုင်အထက်တန်းကျောင်း (၁၀)ကျောင်း၊ စုစုပေါင်း(၃၁)ကျောင်းတို့မှ ယခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုရန် ကျောင်းတွင်းဖြေ(၁၀၅၃)ဦးနှင့် ကျောင်းပြင်ပဖြေဆိုသူ (၆၂၈)ဦး၊ စုစုပေါင်း (၁၆၈၁)ဦး လျှောက်လွှာ တင်သွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)