လက်ပံတန်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

လက်ပံတန်း  မတ် ၃၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်း  မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပမည့် စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာနှင့် မီးဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် ၂၉ ရက်နေ့က  မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလင်းကျော်နှင့် တပ်ဖွဲ့ဝင်များက စာစစ်ဌာနများ၌ စာမေးပွဲ ဖြေဆို နေစဉ် မီးဘေးအန္တရာယ်မဖြစ်ပွားစေရန်အတွက် ပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်ထားမှု၊ ရေကန်များတွင် ရေသိုလှောင်ထားရှိမှု၊ မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်၊‌ သဲ၊ ရေအသင့်ထားရှိမှု ဆောင်ရွက်ချက် အခြေအနေများနှင့် လျှပ်စစ်မီးကြိုးများသွယ်တန်းထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး၊ လိုအပ်သည်များကို လမ်းညွှန်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပရန် အ.ထ.က (၁)လက်ပံတန်း၊ အ.ထ.က ဇီးဖြူကုန်း၊ အ.ထ.က ခမုံဆိပ် စာစစ်ဌာနနှင့် အ.ထ.က. သာရဝေါ စာစစ်ဌာနတို့ စီစဉ်ထားရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)