ပန်းတနော်မြို့၌ တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ်(မှတ်ပုံတင်)ကို ဧပြီလမှစ၍ ပြသစစ်ဆေးခံရမည်ဖြစ်ကြောင်း လိုက်လံအသိပေးကြေညာ

ပန်းတနော် မတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မိဘပြည်သူများအနေဖြင့် တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်)ကို ဧပြီလ ၁ ရက်နေ့မှ စတင်၍ ပြသစစ်ဆေးခံရမည်ဖြစ်ကြောင်း ယမန်နေ့ ညပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံ အသိပေးကြေညာခဲ့သည်။

ထိုသို့ အသိပေးကြေညာရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် အသက်(၁၆)နှစ်နှင့် အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ရုံးတွင် ဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့် နေရာများတွင် တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေး ခြင်းများကို (၃.၅.၂၀၂၁)မှ (၃.၁၁.၂၀၂၂) ရက်နေ့ထိ နိုင်ငံတစ်ဝန်းလုံးတွင် နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိသည်။ ယခုအခါ လိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် လည်းကောင်း တည်ခိုနေထိုင်ရာနေရာများတွင်လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်ကောင်း တရားဝင်ထုတ်ပေးထားသော နိုင်ငံသား ကတ်(မှတ်ပုံတင်)ကို ဧပြီလ ၁ ရက်နေ့မှ စတင်၍ ပြသစစ်ဆေးခံရမည်ဖြစ်ပါသည်။ နေ့စဉ်ဆောင်ရွက်ပေးနေမှုကြောင့် နိုင်ငံသားကတ် (မှတ်ပုံတင်) အစား ထောက်ခံစာများကို ပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများအား ခွင့်ပြုတော့မည်မဟုတ်ပါ၊ နိုင်ငံသားကတ် (မှတ်ပုံတင်) အတု ကိုင်ဆောင်ခြင်းနှင့် ကတ်အပိုထားရှိ ကိုင်ဆောင်ခြင်းများသည် တည်ဆဲ ဥပဒေများအရ ပြစ်မှုမြောက်ပါကြောင်း လိုက်လံအသိပေးကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)