နတ်တလင်း မတ် ၃၀
သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ တာပွန်မြို့ရှိ အ.ထ.က တာပွန်စာစစ်ဌာနနှင့် ကပ်လျက်နေအိမ်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်အတွင်း မီးလောင်မှုမီးလန့်မှုမဖြစ်ပေါ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးမိုးအောင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များမှယနေ့နံနက်ပိုင်းက မီးဘေးလုံခြုံရေးရှိစေရန် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ယခုအချိန်တွင် ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် နီးကပ်လာပြီဖြစ်ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ မီးဘေးလုံခြုံရေးအတွက် မိမိနေအိမ်၊ ပတ်ဝန်း ကျင်တွင် ချက်ပြုတ်သုံးစွဲသည့် လျှပ်စစ်မီး၊ မီးဖိုများမှ မီးလန့်မှုများ၊ မီးလောင်မှုများမဖြစ်ပွား မပေါ်ပေါက်အောင် မီးကိုအထူးသတိပြု၍ ချက်ပြုတ်သုံးစွဲကြရန်၊ မီးဘေးကြိုတင် ကာကွယ်နိုင်ရန်အတွက် ထားရှိအပ်သော ရှေးဦးမီးငြိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဗူးများအား အသင့်တပ်ဆင်ထားရှိကြရန်၊ မီးသတ်ဆေးဗူးများ ဟောင်းနွမ်းနေပါက အသစ်လှဲလှယ်တပ်ဆင်ကြရန် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးကာ မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)