ကျုံပျော် မတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်မှု မရှိစေရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးစစ်ဆေးမှုများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်က ကျုံပျော်မြို့ အင်းရဲလမ်းဆုံ စစ်ဆေးရေးဂိတ်၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များ၌ ဖြတ်သန်း သွားလာလျက်ရှိသော မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များအတွင်း လက်နက်ခဲယမ်းနှင့် အန္တရာယ် ကျရောက်စေနိုင်သည့်ပစ္စည်း တစ်စုံတစ်ရာ ပါရှိခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့အပြင်မြို့နယ်အတွင်း၌ ယာဉ်အန္တရာယ် မတော်တဆမှုများ မဖြစ်ပေါ်ရေး၊ အခြားမလိုလား အပ်သည့်အန္တရာယ်များ မဖြစ်ပေါ်စေရေးအတွက် ဆိုင်ကယ်စီးနင်သူများတွင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်း၍ မောင်းနှင်ရန်နှင့် မော်တော်ယာဉ်နှင့် ယာဉ်မောင်းသူတို့တွင် ပါရှိရမည့် အချက်အလက်များ ပြည့်စုံခြင်းရှိ မရှိတို့ကိုပါ စစ်ဆေးပြီး၊ Mask မပါရှိသူများကိုလည်း Mask များ အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)