ကြံခင်းမြို့နယ် သောကြာဒူးအုပ်စုတွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် လူနေအိမ်(၂)လုံး ပြိုကျပြီး (၃)လုံး အမိုးလန်ပျက်စီး

ကြံခင်း မတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်သောကြာဒူးအုပ်စုတွင် ယမန်နေ့ည (၈)နာရီအချိန်က ရုတ်တရက်မိုးရွာပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် လူနေအိမ်(၂)လုံး ပြိုကျပြီး လူနေအိမ်(၃)လုံး အမိုးလန်ပျက်စီးကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကြံခင်းမြို့နယ်သောကြာဒူးအုပ်စု ကရင်စုကျေးရွာတွင် သွပ်မိုး၊ ထရံကာလူနေအိမ်(၁)လုံးနှင့် ကျွန်းကုန်းကျေးရွာတွင် သက်ကယ်မိုး၊ ထရံကာ လူနေအိမ် (၁)လုံး ပြိုကျပျက်စီးပြီး၊  အောင်ပန်းကုန်းကျေးရွာတွင် သွပ်မိုး၊ ပျဉ်ကာလူနေအိမ်နှင့် သွပ်မိုး၊ အုတ်ညှပ်လူနေအိမ်(၂)လုံး၊  ကရင်စုကျေးရွာတွင် သွပ်မိုး၊ ထရံကာလူနေအိမ်(၁)လုံး  စုစုပေါင်း လူနေအိမ်(၅)လုံး အမိုးလန်ပြိုကျပျက်ဆီးပြီး အိမ်ထောင်စု(၅)စု လေဘေးသင့် ခဲ့ကြောင်းသိရသည်။

လေပြင်းတိုက်ခတ်ခြင်းကြောင့်  လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်းနှင့် လေဘေးသင့် အိမ်ထောင်စု(၅)စုမှ လေဘေးသင့်ပြည်သူ ကျား(၆)ဦးနှင့် မ(၉)ဦးအား နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်တွင် ယာယီပြောင်းရွေ့နေထိုင်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်  မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်. သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက  ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)