မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပွင့်ဖြူ မတ် ၂၉

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ သယံဇာတ‌ရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ တိုင်းဒေသကြီး/ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက် ၇ နာရီ အချိန်က ပွင့်ဖြူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် နှင့် တာဝန်ရှိသူများအဖွဲ့သည် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မီနီဘတ်ဂျတ် ရန်ပုံငွေကျပ် ၂၄၅ သန်းဖြင့် ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကောင်းမွန်သောရေသတ္တဝါမွေးမြူရေး ကျင့်စဉ်သရုပ်ပြပုံစံ ဆောက်လုပ်ခြင်းလုပ်ငန်း ရေစစ်ကန်၊ ဂိုဒေါင်၊ ရေသွယ်မြောင်း၊ ငါးကန်များ ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တင်ဒါအောင်မြင်သည့် စေရာအားမာန်ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်အား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က ပြည်သူလူထု ငါးစားသုံးမှု ဖူလုံစေရန်နှင့် ငါးသယံဇာတများ ကြွယ်ဝစေရန်၊ ဒေသတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသူများကို အခြေခံငါးမွေးမြူရေးနည်းပညာများ ပြန်လည်မျှဝေပေးနိုင်ရေးအတွက် ယခုကဲ့သို့ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် ပေးခြင်းဖြစ်၍ သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ဒေသတွင်းရှိ အင်းလုပ်ငန်းရှင်များကို လိုအပ်သော နည်းပညာများ ပံ့ပိုးကူညီပေးရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပွင့်ဖြူမြို့၊ အမှတ်(၄)အထည်စက်ရုံမှ ပြန်လည် စွန့်လွှတ်ခဲ့သည့် မြေဧက (၂၉၂)ဧကပေါ်တွင် မွေးမြူရေးဇုံ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မြေနေရာစီစဉ်ဆောင်ရွက်ထားမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက မွေးမြူရေးဇုံ အကောင်အထည်ဖော် ဆောင်ရွက်မည့်နေရာနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုမြေနေရာတွင် မွေးမြူးရေးလုပ်ငန်းရှင်ကြီးများအား စနစ်တကျ နေရာချထား ဆောင်ရွက်ကာ တစ်နှစ်ထက်တစ်နှစ် မွေးမြူရေးလုပ်ငန်း တိုးချဲ့ဆောင်ရွက်နိုင်ရန် ကြပ်မတ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ မွေးမြူရေးဇုံ တွင် လာရောက်ဆောင်ရွက်သည့် လုပ်ငန်းရှင်များကိုလည်း မတည်ရင်းနှီးငွေ ရရှိရေးအတွက် သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများရရှိရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် သွားရန်နှင့် လုပ်ငန်းများ မြန်ဆန်စွာ ဖော်ဆောင်နိုင်ရေးအတွက် မြေပြင်အခြေအနေအား ကွင်းဆင်း တိုင်းတာပြီး အမြန်ဆုံး လုပ်ငန်းစီမံချက်ရေးဆွဲတင်ပြရန်၊ ဒေသတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များ လာရောက်ဆောင်ရွက်နိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် အသိပေးဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာအနီး ပွင့်ဖြူ - မင်းဘူး ကားလမ်းဘေး ကွင်းအမှတ်(၉၁၀)လယ်မြေအတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ နွေနှမ်းစိုက်ပျိုးရန် အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ၂၀၂၁ - ၂၀၂၂ နွေသီးနှံ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရာသီအလိုက် သီးနှံများစိုက်ပျိုး၌ အမှန်တကယ် အကျိုးဖြစ်ထွန်း စေမည့်သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်း၊ မျိုးကောင်းမျိုးသန့်များ ရရှိရေး ဆက်သွယ်ဆောင်ရွက် ပေးခြင်း၊ တစ်ဧကသီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်ရေး လိုအပ်သော စိုက်ပျိုးရေးသွင်းအားစု ပစ္စည်းများနှင့် စိုက်ပျိုးရေးနည်းစနစ်များ ပံ့ပိုးကူညီပေးခြင်း၊ စိုက်ပျိုးသီးနှံများ အထွက်နှုန်း လျော့နည်းမှုမဖြစ်အောင် ခေတ်မီစက်ကိရိယာများဖြင့် ရိတ်သိမ်းနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး )