တောင်တွင်းကြီးမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကျင်းပမည့် စာဖြေဌာန ကျောင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်တွင်းကြီးမတ် ၂၉

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပမည့် စာဖြေဌာနကျောင်းများအား ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် မီးဘေးလုံခြုံစိတ်ရမှု ရှိ/မရှိ အခြေအနေများကို၊ ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဆောင်သော ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များက မြို့နယ်အတွင်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စီစဉ်ထားရှိသော စာဖြေဌာန ကျောင်းများဖြစ်သည့် တောင်တွင်းကြီးမြို့ အ.ထ.က(၁)၊ ဆတ်သွားကျေးရွာ (အ.ထ.က)၊ ကုက္ကိုခွကျေးရွာ(အ.ထ.က)၊ ကုက္ကိုကုန်း ကျေးရွာ(အ.ထ.က)၊ ကျောင်းသို့ ကွင်းဆင်း သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် စာဖြေခန်းများအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ လုံခြုံရေးစီစဉ်ဆောင်ရွက် ထားရှိမှု များနှင့် မီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ထို့နောက် တာဝန်ခံကျောင်းအုပ် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အန္တရာယ်ကင်းစွာနှင့် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၃၁)ရက်နေ့မှ ဧပြီလ (၉)ရက်နေ့အထိ ဖြေဆိုကျင်းပမည်ဖြစ်ကာ တစ်မြို့နယ်လုံး ဖြေဆိုရန် လျှောက်ထားသူ ဦးရေ အနေဖြင့် အတွင်းဖြေဆိုသူ ၁၁၀၉ ဦး၊ ပြင်ပဖြေဆိုသူ ၆၃၄ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၇၄၃ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းထံမှ သိရသည်။

နိုင်ဝင်း(တောင်တွင်းကြီး)