မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မော်လမြိုင် မတ် ၂၉

မွန်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့ ညနေပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအ‌ဝေးခန်းမ၌ မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မြန်မာနိုင်ငံ၏ အဓိကစိုက်ပျိုးသီးနှံသည် ဆန်စပါးဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ထောက်ပံ့ကူညီ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဆန်စပါးဖူလုံမှုရှိစေရေး၊ စားသုံးဆီ ဖူလုံရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြေပဲ၊ နေကြာ၊ နှမ်း ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ မွန်ပြည်နယ်အနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ၏ အခြေခံကုန်ထုတ် များကို ပြည်တွင်း၊ ပြည်ပသို့ တင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ တောင်သူများအား ပညာပေးရန်နှင့်၊ မျိုးစပါးများ၊ ဓာတ်မြေဩဇာများ၊ လယ်ယာမြေစိုက်ကွက်များ ဖော်ထုတ်ပေးခြင်းအပြင် သွင်းအားစုပစ္စည်းများအား အချိုးကျ အချိန်ကိုက် စနစ်တကျ ထည့်သွင်း အသုံးပြုနိုင်ရေး အလေးထားဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အစရှိသည်ဖြင့် တင်ပြ ခဲ့ကြမှုအပေါ်  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။   

မွန်ပြည်နယ်အနေဖြင့် စိုက်ပျိုးရေးနှင့်၊ မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသလို စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများ၏ လိုအပ်ချက်များကို အဖက်ဖက်က ဆောင်ရွက်ပေးလျက်ရှိပြီး မွေးမြူရေးကဏ္ဍကိုလည်း အထူးအလေးပေး ထောက်ပံ့ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)