ကျောက်ကြီးမြို့၌ တပိုင်တနိုင်စိုက်ပျိုးကြသည့် ဟင်းသီးဟင်းရွက်များ အောင်မြင်ဖြစ်ထွန်း၍ မိသားစု အပိုဝင်ငွေရရှိ

ကျောက်ကြီး မတ် ၂၉

 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့တွင် တောင်သူများ တပိုင်တနိုင် စိုက်ပျိုးထားကြသည့်  ငရုတ်၊  ခရမ်းချဉ်၊ ကန်စွန်းရွက်၊ ဆလပ်၊ မုန်ညင်း၊ ဖရုံနှင့် ပဲအမျိုးမျိုးစသည့် ဆောင်းသီးနှံပင်များ အောင်မြင်ဖြစ်ထွန်း၍ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိပြီး အဆင်ပြေ ကြောင်း သိရသည်။

ကျောက်ကြီးမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလျက်ရှိသော ကာလအတွင်း တောင်သူများ  တပိုင်တနိုင်စိုက် ပျိုးထားသောကျေးရွာရှိတောင်သူတို့၏ စိုက်ပျိုးမြေများသို့ ကွင်းဆင်းသွားရောက်ပြီး တောင်သူများနှင့် ပူးပေါင်းကာ နည်းပညာများပေးခြင်း၊  လက်တွေ့ သရုပ်ပြခြင်းနှင့်၊ ပိုးမွှားရောဂါကာကွယ်နည်းများ၊ ခူးဆွတ်စားသောက်ရာတွင် ဘေးကင်းလုံခြုံဖို့အတွက် ပိုးသတ်ဆေးသုံးစွဲနည်းများ၊ သဘာဝမြေဩဇာပြုလုပ်နည်းများ ကိုသိရှိနားလည်သည်အထိ နည်းပေါင်းစုံဖြင့် ပညာပေးလျက်ရှိကြောင်း၊ တောင်သူများ အနေနဲ့လည်း ဟင်းသီးဟင်းရွက်များကို တပိုင်တနိုင်စိုက်ပျိုး၍ ဒေသတွင်းသာမက အနီးပတ်ဝန်းကျင်မြို့နယ်များသို့ စီးပွားဖြစ်ရောင်းချနိုင်စေရန်အတွက် စိုက်ပျိုးရေးနှင့် ပတ်သက်သည့် ကြုံတွေ့နိုင်သည့် အခက်အခဲများကို ကူညီဖြည့်ဆည်းပေးနိုင်ရန် အချိန်မရွေး စိုက်ပျိုးရေးဦးစီးဌာနထံ လာရောက်အကူအညီတောင်းခံနိုင်ပါကြောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးမှူး ဦးမောင်မောင်က ပြောကြားခဲ့သည်။

ကျောက်ကြီးမြို့နယ်တွင် တောင်သူများ တပိုင်တနိုင် စိုက်ပျိုးထားကြသည့် ငရုတ်၊ ခရမ်းချဉ်၊ ကန်စွန်းရွက်၊ ဆလပ်၊ မုန်ညင်း၊ ဖရုံနှင့် ပဲအမျိုးမျိုးစသည့် ဆောင်းသီးနှံပင်များကို ကျောက်ကြီးချောင်းဘေးတစ်လျှောက် အများဆုံးစိုက်ပျိုးလျှက်ရှိပြီး စိုက်ပျိုးရောင်းချခြင်းဖြင့်  မိသားစုအတွက် အပိုဝင်ငွေများရရှိကာ စိုက်ပျိုးနည်း ပညာများလည်း ခေတ်နှင့်အညီ တိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ပြောကြားချက်အရ သိရသည်။

မြို့နယ်ပြန်/ဆက်