ပေါက် မတ် ၂၉
ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှ ဆောင်းရာသီ ကုလားပဲစိုက်တောင်သူများ ကုလားပဲပေါ်ချိန် ဈေးကောင်းရရှိကြောင်း သိရသဖြင့် ဈေးကွက်အမီ ရောင်းချနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ပေါက်မြို့နယ် အုန်းတောကျေးရွာနေ ဆောင်းရာသီ ကုလားပဲ စိုက်တောင်သူတစ်ဦး ထံမှ သိရသည်။
ဒီနှစ်ကုလားပဲပေါ်ချိန်မှာ မနှစ်ကထက် ဈေးကောင်းတယ်၊ မနှစ်က ကုလားပဲတစ်တင်းကို ငွေကျပ် နှစ်သောင်းခုထောင်၊ နှစ်သောင်းရှစ်ထောင် ပတ်ဝန်းကျင်လောက်က စရောင်းရတာ၊ နောက်ပိုင်းမှ သုံးသောင်း ဖြစ်လာတာပါ။ ဒီနှစ်ကုလားပဲ ပေါ်ပေါ်ခြင်း ငွေကျပ်လေးသောင်းခွဲက စရောင်းရတာဆိုတော့ ဈေးကောင်း ရတယ်ပြောရမှာပေါ့၊ ကုလားပဲအဖြူ(B2)ဆို ငွေကျပ် လေး သောင်းသုံးထောင် ဈေးရောင်းရပြီး၊ ရိုးရိုးကုလားပဲ အဝါကို လေးသောင်းဈေးရတယ်၊ ဒီလိုဈေး ကောင်းကောင်းနဲ့ ရောင်း ရရင် တောင်သူတွေအတွက် ထိုက်သင့်တဲ့ အကျိုးအမြတ် ရရှိတယ်၊ အဲဒါကြောင့် ကုလားပဲဈေး ကောင်းချိန်အမီ ရောင်းချနိုင်ရေး အစေ့အဆန်မြန်မြန် ရရှိအောင် ဆောင်ရွက်နေကြောင်း ပေါက်မြို့နယ် အုန်းတောကျေးရွာ ကုလားပဲစိုက်တောင်သူ ဦးကျော်ဆန်း ထံမှသိရသည်။
ကုလားပဲကို မိုးဦးသီးနှံအပြီး တန်ဆောင်မုန်း၊ နတ်တော်လတို့မှာ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးပြီး ကုလားပဲခင်းများတွင် သီးညှပ်အဖြစ် ဆီထွက်သီးနှံဖြစ်သော နေကြာကိုလည်း တောင်သူအများစုက စိုက်ပျိုးလေ့ ရှိကြသည်။ ကုလားပဲစိုက်ပျိုးခြင်းသည် တောင်သူများအတွက် ကုန်ကျစရိတ်သက်သာကြောင်း၊ သီးညှပ်သီးနှံဖြစ်သော နေကြာများရရှိခြင်းတို့ကြောင့် ဆောင်းသီးနှံကုလား ပဲကို နှစ်စဉ် စိုက်ပျိုးလေ့ရှိကြသည်။ တန်ဆောင်မုန်း၊ နတ်တော်လတို့တွင် စိုက်ပျိုးထားသော ကုလားပဲများကိုတို့ တပိုတွဲ၊ တပေါင်းလများတွင် ရိတ်သိမ်းကြပြီး ယခုနှစ် ကုလားပဲပေါ်ချိန် ဈေးကွက်အမီရောင်းချနိုင်ရေး တောင်သူများ ကြိုးစားလုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဉာဏ်တိုး(ပြန်/ဆက်)