ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာစိုက်ပျိုးရေရရှိရေး မြစ်ရေတင်စီမံကိန်း ဆောင်ရွက်နေမှု အ‌ခြေအနေများအား ကွင်းဆင်းကြည့်ရှု

ဆင်ပေါင်ဝဲ မတ် ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများသည် ညံတောအင်းကျေးရွာ စိုက်ပျိုးရေရရှိရေး မြစ်ရေတင်စီမံကိန်း ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရေစုပ်စက်နှင့်စက်ပစ္စည်းများ တပ်ဆင်အသုံးပြုမည့် Pontoon ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ထရန်စဆိုလာပြားများ တပ်ဆင်ပြီးစီးမှု အခြေအနေ၊ ရေပိုက်လမ်းသွယ်တန်းနေမှု အခြေအနေများနှင့်‌ ရေလှောင်ကန်ဆည်တည်ဆောက်နေသည့် နေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြစ်ရေတင်စီမံကိန်းအတွက် လိုအပ်သည့် လုပ်ငန်းစဉ်များနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ သိရှိ လိုသည်များကိုမေးမြန်းခဲ့ရာ အင်ဂျင်နီယာဦးမြင့်‌ကောင်းမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါ မြစ်ရေတင်စီမံကိန်းဆောင်ရွက်ပြီးစီးပါက ညံတောအင်းကျေးရွာရှိ စိုက်ဧက(၂၀၀) ကျော်အတွက် စိုက်ပျိုးရေအလုံအလောက်ရရှိမည်ဖြစ်ပြီး ရွာသူ၊ ရွာသားအားလုံးအတွက် အကျိုးကျေးဇူးရရှိမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)