ကယားပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ထမ်းများအား ဝတ်စုံနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

လွိုင်ကော် မတ်၂၈

ကယားပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ထမ်းများအား ဝတ်စုံနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့၊ မြို့နယ် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်နယ်၏ မြို့တော်ဖြစ်သော လွိုင်ကော်မြို့အပါအဝင် မြို့အသီးသီးတွင် မြို့ပြသန့်ရှင်းသာယာလှပရေး၊  ပန်းခြံများတွင် ပြည်သူများ ပျော်ရွင်စွာ အပန်းဖြေ နိုင်အောင်ဆောင်ရွက်ပေးနိုင်ရေး၊ မြို့ပြ လျှပ်စစ်မီးလင်းရေးနှင့် လမ်းတံတားများ ကောင်းမွန်ရေး၊ ပြည်သူများ သောက်သုံးရေ ရရှိရေး၊ ဈေးများတွင် စနစ်တကျ ဖွင့်လှစ်ရောင်းချ နိုင်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ် ဆောင်ရွက်ထားနိုင်ရေး၊ ပြည်သူ့ဘဏ္ဍာအတွက် အခွန်အခများရရှိရေး စသည့် လုပ်ငန်းများကို စည်ပင်သာယာရေး ဝန်ထမ်းများက တာဝန်ယူဆောင်ရွက်နေကြကြောင်း၊ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသော စည်းကမ်းဥပဒေများနှင့်အညီ တက်တက်ကြွကြွကြိုးစား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်နယ်အစိုးရ အဖွဲ့အနေ ဖြင့်လည်း စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းလိုအပ်ချက်များကို ကူညီပံ့ပိုး စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြို့တော်အင်္ဂါရပ်များနှင့်အညီ မြို့အသီးသီး၏ သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူများနှင့် အတူလက်တွဲ၍ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း  အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စည်ပင်သာယာရေးဝန်ထမ်းများအား ဝတ်စုံနှင့် အခြေခံစားကုန်များကို လည်းကောင်း၊ ထူးချွန်ဝန်ထမ်းများအား ချီးမြှင့်ငွေများကို ထပ်ဆောင်း၍လည်းကောင်းပေးအပ်ခဲ့ပြီး ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ  ဦးကျော်သူက ဝန်ထမ်းများ ကိုယ်စားကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စည်ပင်သာယာရေးဝန်ထမ်းများအား  ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကား ပြောကြား ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)