ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် မြို့အဝင်၊အထွက် စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ ပြည်သူများ ကာကွယ်ဆေး ထိုးနှံပြီးခြင်း ရှိ/မရှိ ကြပ်မတ်စစ်ဆေး

ပွင့်ဖြူ မတ် ၂၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ရာနှုန်းပြည့် လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ယနေ့ နံနက်ပိုင်းက မြို့အဝင်၊အထွက် နေရာများတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားရှိပြီး ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်း ရှိ/မရှိ ကြပ်မတ် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ဦးဆောင်၍ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်(ပွင့်ဖြူ)၊ မြို့နယ်မီးသတ် တပ်ဖွဲ့နှင့် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ဖြတ်သန်းသွားလာသော မော်တော်ဆိုင်ကယ်စီးနင်းသူများ၊ ခရီးသည်တင်မော်တော်ယာဉ်များ၊ ကုန်တင် ယာဉ်ကြီးများအား ရပ်တန့်စေပြီး ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသော ခရီးသွား ပြည်သူများနှင့် ဒေသခံပြည်သူများကို တွေ့ဆုံ၍ ကာကွယ်ဆေး ထိုးနှံထားခြင်း ရှိ/မရှိ စစ်ဆေးကာ ဆေးမထိုးနှံရသေးသူများ တွေ့ရှိပါက ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မဖြစ်မနေ ထိုးနှံနိုင်ရေး ကြပ်မတ် ရှာဖွေစစ်ဆေးခြင်းကို မတ်လကုန်တွင် တစ်မြို့နယ်လုံး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ရာနှုန်းပြည့် လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် နေ့စဉ် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)