အမာမြို့တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေ

အမာ မတ်  ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်‌‌ဝေသော ပညာပေးလက်ကမ်းစာစောင်များဖြစ်ပြီး အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်တို့မှ အမာမြို့၊ မြို့ပေါ်ရပ်ကွက်များရှိ ရုံးများ၊ အိမ်များ၊ လမ်းဆုံများတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ် တွေ့ကြုံလာပါက  ကြိုတင်ကာကွယ် နိုင်ရေးအတွက် မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေ‌ပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းဘေး ပညာပေးစာစောင်တွင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ စုစောင်းထားရှိရမည့် အရေးပေါ်သုံးပစ္စည်းများ၊ မုန်တိုင်းများ၏ အန္တရာယ်ပိုနားလည် သဘော ပေါက်လွယ်စေရန် အရောင်ဖြင့် သတိပေးစနစ်များ၊ အရောင်အညွှန်းနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းများ၊ မုန်တိုင်းသတိပေးချက်ရလျှင်‌  ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ် နေစဉ်တွင် လိုက်နာရန်အချက်များနှင့် ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းဖြစ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ စသည်တို့ ပါရှိကြောင်း သိရှိရသည်။

အမာ(ပြန်/ဆက်)