ဒေးဒရဲ မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပမည့် တော်ကမယ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းသို့ ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က သွားရောက်၍ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဟန်ဝင်းစိုးနှင့် တပ်ဖွဲ့ဝင်များက စာစစ်ဌာနများ၌ စာမေးပွဲဖြေဆိုနေစဉ် မီးဘေးအန္တရာယ် မဖြစ်ပွားစေရန်အတွက် ပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်ထားမှု၊ ရေကန်များတွင် ရေသိုလှောင်ထားရှိမှု၊ မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ အသင့်ထားရှိမှု ဆောင်ရွက်ချက် အခြေအနေများနှင့် မီးကြိုးများသွယ်တန်းထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အေးချမ်းပျော်ရွှင်စွာနှင့် မီးဘေးအန္တရာယ် ကင်းရှင်းစွာ ဖြေဆိုနိုင်ရေး ဒေးဒရဲမြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အ.ထ.က(၁)၊ အ.ထ.က(တော်ကမယ်)၊ အ.ထ.က(နောက်ပြန်တိုး)နှင့် အ.ထ.က(ကျုံဒါး)ကျောင်း စာစစ်ဌာန (၄)ခုတို့အား ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။
ရွှေဒေးသူ