မာန်အောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ ကျန်းမာရေး၊ စားသုံးသူရေးရာနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဦးစီးဌာနတို့ပူးပေါင်းပြီး ပိုးသတ်ဆေးနှင့်စပ်လျဉ်း၍ တောင်သူပညာပေး ဆွေးနွေးပွဲကျင်းပ

မာန်အောင် မတ် ၂၈

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ ကျန်းမာရေး၊ စားသုံးသူရေးရာနှင့် သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ပိုးသတ်ဆေးနှင့် စပ်လျဉ်း၍ တောင်သူပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ခိုင်မှ လူထု ကျန်းမာရေးနှင့် ပတ်ဝန်းကျင်အန္တရာယ်ကင်းရှင်းရေး အကြောင်းအရာများကိုလည်းကောင်း၊ စာသုံးသူ ရေးရာ ဦးစီးဌာန၊ ဒုတာဝန်ခံဦးကိုလေးမှ စားသုံးသူကာကွယ်ပေးရေးဥပဒေဆိုင်ရာ အကြောင်းအရာ များကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းစောမှ ပိုးသတ်ဆေးများကို အန္တရာယ်ကင်းရှင်းစွာ စနစ်တကျကိုယ်တွယ်သုံးစွဲရေးနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြား ခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အခြားဖိတ်ကြားထားသူများ ၄၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)