ပေါက် မတ် ၂၈
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့၊ ရွှေပေါက်ပင်ရပ်ကွက်အတွင်း၌ စိုက်ပျိုးရေးတောင် သူများသည် မြေအောက်ရေကို အသုံးပြု၍ ဂန္ဓမာပန်းစိုက်ပျိုးသူများ ဖြစ်ထွန်းအောင်မြင်၍ ဂန္ဓမာပန်းဈေးကွက် ကောင်းမွန်သောကြောင့် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ယခုနှစ် ဂန္ဓမာပန်းဈေးကွက်မှာ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင်သာ ဈေးကွက်ပျက်ခဲ့ပြီး အခြားလများတွင် ဈေးကွက်ကောင်းမွန်ကြောင်း၊ လက်ရှိတွင် ရွှေဝါဝင်းဂန္ဓမာပန်းပွင့် ၁၅ ပွင့်ပါ တစ်စည်းလျှင် ဖောက်သည်ဈေးငွေကျပ် ၅ဝဝ၊ ကြွေဖြူတစ်စည်းလျှင် ငွေကျပ် ၆ဝဝ ဖြင့် ရောင်းချကြကြောင်းနှင့် မြေတစ်ဧကလျှင် ဂန္ဓမာပန်းမျိုး ၅ဝဝဝဝ စိုက်ပျိုးပြီး ငွေကျပ်သိန်း ၃ဝ ကျော်အထိ ရရှိကြောင်း ပန်းစိုက်ပျိုးသူ တစ်ဦးက ပြောသည်။
ဂန္ဓမာပန်းစိုက်ရန်အတွက် ပထမဦးစွာ ထယ်ရေးပြင်ခြင်းကို စနစ်တကျ ပြုလုပ်ကြရကြောင်း၊ ထယ်ရေးပြင်ပြီးသည်နှင့် သုံးတောင်ခန့်ရှိပေါင်များကို တစ်ပေါင်နှင့် တစ်ပေါင်ကြား တစ်တောင်ခန့် ခြားထားကာ ရေပိုက်လမ်းအဖြစ် ထားရှိကြရကြောင်း၊ ဂန္ဓမာပန်းပျိုးပင်များကို ပျိုးပင်တစ်ပင်လျှင် အိမ်အရောက် ငွေကျပ် ၂၀ မှ ၂၅ ကျပ် အထိပေးရကြောင်း၊ လက်ရှိတွင် ပန်းပေါင် တစ်ပေါင်လျှင် အပင်အရေအတွက် ၁၂ဝဝ ဝင်ဆံ့သည့် ပမာဏအတိုင်းအတာဖြင့် စိုက်ပျိုးထားကြောင်း၊ မြေအနေအထားအလိုက် ပေါင်အတိုအရှည်ကို လိုသလိုပြုလုပ်ကာ မြေတစ်ဧကလျှင် ပန်းပင် ၅ဝဝဝဝ စိုက်ပျိုးကြကြောင်းနှင့် တစ်ဧက စိုက်ပျိုးမည်ဆိုပါက ပန်းပေါင်များကို ရက်ခြားကာ စိုက်ပျိုးလေ့ရှိကြောင်း ပေါက်မြို့၊ ရွှေပေါက် ပင်ရပ်ကွက်နေ ဂန္ဓမာပန်းစိုက် တောင်သူများထံမှ သိရသည်။
ဉာဏ်တိုး(ပြန်/ဆက်)