ငပုတောမြို့နယ်၌ ကျောင်းကျန်းမာရေးပညာပေးခြင်းဆိုင်ရာ အရည်အသွေးမြှင့်သင်တန်းဖွင့်လှစ်

ငပုတော ဖေဖော်ဝါရီ  ၂၈

ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ တိုးပွားစေရန်အတွက် ဆရာ၊ ဆရာမများမှတစ်ဆင့် ကျောင်းသား၊ ​ကျောင်းသူများကို ပြန်လည်ပို့ချပေးနိုင်ရန် ရည်ရွယ်၍ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းပြီး ကျောင်းကျန်းမာရေး ပညာပေးခြင်းဆိုင်ရာ အရည်အသွေး မြှင့်သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက  ငပု​တောမြို့ အမှတ် (၂) အခြေခံပညာ မူလတန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူမှ အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းကျန်းမာရေးနှင့် ပတ်သက်ပြီး တစ်ကိုယ်ရည် သန့်ရှင်းရေး၊ ဆရာ၊ ဆရာမ လိုက်နာရန် ကျောင်းသား၊ ကျောင်းသူများ လိုက်နာရန်နှင့် ကလေးများသည် လူစွမ်းအား အရင်းအမြစ်အတွက် အလွန် အရေးကြီးကြောင်း၊ ကျောင်းပတ်ဝန်းကျင်နှင့် သန့်ရှင်းသာယာလှပရေး သောက်သုံးရေရရှိရေးနှင့် အဘက် ဘက်မှ ထူးချွန်သော ဗလငါးတန်နှင့်  ပြည့်စုံသော ကျောင်းသား  လူငယ်များ ဖြစ်လာစေရန် မှာကြားခဲ့ သည်။

ထို့​နောက် မြို့နယ်ဆရာဝန်ကြီး  ​ဒေါက်တာသန်းဇော်မြင့်မှ ရောဂါနှင့်  လူမူပတ်ဝန်းကျင်တို့တွင် ကောင်းမွန် ပြည့်စုံစွာ နေထိုင်ခြင်း၊ ဗဟုသုတ ရပ်တည်ချက် လုပ်ဆောင်မှုနှင့် အမူအကျင့်များ ပိုမိုကျန်းမာသည့် အနေအထားတစ်ရပ်သို့ ရောက်အောင် ပြောင်းလဲစေခြင်းစသည့် ကျန်းမာခြင်းနှင့် ကျန်းမာရေးအသိ ပညာပေး ခြင်းဆိုင်ရာ အချက်အလက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး​​နောက်  မြို့နယ်ပညာရေးမှူ ဦးစောဟင်နရီက သင်တန်းတက်ရောက်လာသော ဆရာ၊ ဆရာမများအား ကျောင်းကျန်းမာရေးနှင့် ပတ်သက်သော လုပ်ငန်းဆောင်ရွက်ချက်များကို မိမိတို့၏ ကျောင်းတွင် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ ငပု​တောမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊  အလယ်တန်းနှင့် မူလတန်း ကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမများနှင့် တာဝန်ခံဆရာ၊ ဆရာမ စုစုပေါင်း (၄၂)ဦး တက်ရောက်ခဲ့ကြောင်း  သိရသည်။

နုနု​အေး(ပြန်/ဆက်)