လွိုင်လင်မူလတန်းကြိုကျောင်း၌ ပဒေသာကပွဲနှင့်ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲကျင်းပ

လွိုင်လင်  မတ်  ၂၇

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လွိုင်လင် မူလတန်းကြိုကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီက ပဒေသာကပွဲနှင့် ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်း အနားကျင်းပသည်။   

လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းသည် ကလေးငယ်များအား ကာယ၊ ဉာဏ ၊စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေးနှင့် စိတ်ခံစားမှုဟူသည့် ဖွံ့ဖြိုးမှုကြီးငါးရပ်ကို ဆောင်ရွက်လျက် ရှိကြောင်း၊ ကလေးမိဘများအနေဖြင့် မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာများနှင့် ပူးပေါင်း ဆောင်ရွက်ပေးကြရန် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှုး ဒေါ်စိုးစိုးမော်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။ ထို့နောက် လွိုင်လင်မူလတန်းကြိုကျောင်း ကျောင်းအုပ် ဆရာမကြီးဒေါ်ခင်သီတာက ကျောင်းများပြန်လည်ဖွင့်လှစ်သည့်ကာလမှ ကျောင်းဆင်းပွဲ ပြုလုပ်သည့်ကာလအတွင်း လစဉ် ဆောင်ရွက်ပေးမည့်‌ ‌ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကျောင်းဆင်းသားငယ် သမီးငယ်များအား သင်ယူပြီး မြောက်ခြင်းလက်မှတ်ပေးအပ်ခြင်းကိုပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့် ဖိတ်ကြားထားသည့်ဌာနဆိုင်ရာ အကြီးအကဲများက ပေးအပ်ရာ သားငယ်/သမီးငယ်များက လက်ခံရယူကြသည်။ ဆက်လက်၍သားငယ် သမီးလေးများက အဆိုအကများဖြင့် ပဒေသာကပွဲ ကပြဖျော်ဖြေကြသည်။

ယနေ့ပြုလုပ်သည့် လွိုင်လင်မူလတန်းကြိုကျောင်း၏ ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲတွင် သားငယ်/ သမီးငယ် ၃၃ ဦးဖြစ်ကြောင်းနှင့် အခမ်းအနားသို့ ကလေးငယ်များ ကျောင်းသားမိဘ များ တက်ရောက်၍ကြည့်ရှု့အားပေးကြကြောင်း သိရသည်။

လွိုင်လင်မိုး