မင်းဘူး စက်တင်ဘာ ၁
ရှေးခေတ်က မြန်မာနိုင်ငံတွင် အလေ့ကျတောင် မပေါက်ခဲ့ဖူးသော ဘိန်းသည် လွန်ခဲ့သောနှစ်ပေါင်း ၄၀၀ ကျော်၊ ခရစ်နှစ် ၁၅၁၈ ခုနှစ်လောက်က ဥရောပတိုက်မှ ဗင်းနစ်မြို့သား ဝိသမစီးပွားရေးသမား ကုန်သည် ဆီဇာဖရက်ဒရစ်သည်။ သင်္ဘောဖြင့် ဘိန်းများတင်လာခဲ့ပြီး ပဲခူးမြို့ဆိပ်ကမ်းမှာ ရောင်းချခဲ့ရာမှ မြန်မာ နိုင်ငံသည် မူးယစ်ဆေးဝါး အန္တရာယ်ကျရောက်သော နိုင်ငံဖြစ်လာတော့သည်။
သို့သော် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးကို အမျိုးသားရေးအသွင်ဖြင့် ဆောက်ရွက်ခဲ့ပြီး ပိုမိုထိရောက်သော လုပ်ငန်းများဖြင့်လည်း ဆောင်ရွက်နေဆဲ နိုင်ငံဖြစ်သည်။ မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်တစ်ရပ်အနေဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေဝါးများဆိုင်ရာ ဥပဒေဖြင့် လိုအပ်သည့်အပိုင်းများကို ပြင်ဆင်သည့်ဥပဒေလည်း ပြဌာန်းခဲ့ပြီးဖြစ်သည်။ နိုင်ငံတော်သမတကြီးကိုယ်တိုင် အင်အားစိုက်ထုတ် ဆောင်ရွက်နေသည့် အချိန်အခါဖြစ်ပြီး ၂၀၁၈ ခုနှစ် ဧပြီလ ၁၇ ရက် မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်မိန့်ခွန်းတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဉီးစားပေး ပြောကြားခဲ့သည်ကို တွေ့ရသည်။ ၂၀၁၈ ခုနှစ်၊ မေလ ၃၁ ရက်နေ့၊ နေပြည်တော်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များတွေ့ဆုံပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူငယ်လူရွယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာသည်ကို သိရှိကြောင်း၊ လူငယ် များ အနာဂတ်တွင် လူညွန့်တုံးစေသည့် မူးယစ်ဆေးဝါး သုံးစွဲမှုများကို အမျိုးရေးအသွင်ဖြင့် တိုးမြှင့် ကာကွယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကုလသမဂ္ဂနိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်သူ များနှင့်ပါ ပူးပေါင်းဆောင်ရွက် လုပ်ဆောင်ရန် ပြောကြားခဲ့သည်။ မူးယစ်ဆေးဝါးသည် တစ်ဦးတစ်ယောက် ကိုသာ ထိခိုက်စေခြင်းမျိုး မဟုတ်ဘဲ တိုင်းပြည်နှင့်လူမျိုးကိုပါ ပျက်စီးစေနိုင်သောကြောင့် လူငယ်လူရွယ် များကို မမှီဝဲကြပါနဲ့ဟု ဆရာတော် သံဃာတော်များကပါ တားမြစ်တော်မူလေသည်။
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ စနစ်တကျ ဆောင်ရွက် နေချိန်တွင် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်လာကြစေရန်နှင့် မူးယစ်ဆေးဝါး အသိပညာများ ပိုမိုသိရှိစေရန် ဟောပြောဆွေးနွေး၍ ပညာပေးရန် လိုအပ်ပေသည်။
ရှေးခေတ်ကရော အခုခေတ်ပါ လူသားတို့ကို ကောင်းကျိုးမပေးသော ဘိန်းနှင့် မူးယစ်ဆေးဝါးများကို ဝေးဝေး က ရှောင်ကြဉ်ကာ စမ်း၍သောက်ခြင်း၊ ရှူခြင်း၊ သုံးစွဲခြင်းမပြုရန်နှင့် လူတော်လူကောင်းဖြစ်အောင် လေ့ကျင့် ပျိုးထောင်၍ လူဘောင်အဖွဲ့အစည်းတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပါဝင်လာနိုင်အောင် စည်းရုံး၍ လမ်းပြပေးရပေလိမ့်မည်။
မူးယစ်ဆေးဝါးသည် လူသားမျိုးနွယ်တစ်ခုလုံးကို ခြိမ်းခြောက်နေသည့် တုန်လှုပ်ချောက်ချားစရာ ကောင်း သော အန္တရာယ်တစ်ခုဖြစ်ပြီး မူးယစ်ဟူသော စကားလုံးနှင့်အညီ သုံးစွဲသူများကို အဆက်မပြတ် တဝဲလည် လည် ယစ်မူးစေသောကြောင့် မူးယစ်ဆေးဝါး သုံးစွဲသူများသည်။ မူးယစ်ဆေးဝါးကြောင့် ဖြစ်ပွားနိုင်သည့် ဆိုးကျိုးများကို သိရှိသော်လည်း ဆေးစွဲသည့်အချိန် (သို့) မူးယစ်ဆေးဝါး၏ ကျေးကျွန်ဖြစ်သွားသည့် အချိန် တွင် ဦးနှောက်၏ ပုံမှန်လုပ်ဆောင်မှုများသည်။ ချို့ယွင်းလာကာ ဆင်ခြင်ဆုံးဖြတ်နိုင်သည့် စွမ်းအားများ လျှော့နည်းလာသည်။
ထို့ကြောင့် ဆေးသုံးစွဲသူများသည် ပုံမှန်မဟုတ်သည့် ဦးနှောက်၏ လုပ်ဆောင်မှုများကြောင့် မိမိနှင့် မိမိပတ် ဝန်းကျင်တွင် အခက်အခဲများ၊ ထိခိုက်ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရတတ်သည်။ ယနေ့ လူငယ်လူရွယ် အပေါင်းသည် ထန်းရည်၊ ဓနိရည်၊ ဗျစ်ရည်၊ အရက်အမျိုးမျိုး၊ ဆေးခြောက်၊ ကိုကင်း၊ မာဖီးယား၊ ဘိန်းဘင်း၊ ကစော်၊ လှော်စာ၊ ဘိန်းဖြူ၊ ဘိန်းမဲ၊ အယ်လ်အက်စ်စီ၊ ပက်သဒင်းစသော မူးယစ်ဆေးဝါး၏ သားကောင် ဘဝနှင့် အသေဆိုးသေခဲ့ရသော လူများကိုသင်ခန်းစာယူလျက် မကောင်းမှုရှောင် ကောင်းမှုဆောင်၍ လူ့ဘောင် လူ့လောကကို အကျိုးပြု သူများ ဖြစ်ပါစေဟု လှုံ့ဆော်တိုက်တွန်း ရေးသားလိုက်ရပါတော့သည်။ ဇေယျာထက်(မင်းဘူး)