မြောင်းမြမြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

မြောင်းမြ  မတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် လူငယ်များ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ စည်းကမ်းပိုင်းဆိုင်ရာ၊ အကျင့်စာရိတ္တပိုင်းဆိုင်ရာ၊ တိုင်းချစ်ပြည်ချစ်စိတ်နှင့် အားကစားတွင် စိတ်ပါဝင်စားစွာ ပါ ဝင်ဆောင်ရွက်လာစေရေးအတွက် လူငယ်အသိပညာ ပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁၂ နာရီတွင် မြောင်းမြမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းရှိ ပညာရတနာခန်းမတွင် ကျင်းပပြုလု်ပခဲ့သည်။

 ဟောပြောပွဲကို ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ပြီး မြောင်းမြခရိုင် ပညာရေးမှူး ဦးစံသိန်းကျော်က စိတ်ဓာတ်နှင့် စည်းကမ်းဆိုင်ရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်စိုးက အားကစားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောခဲ့ကြပြီး၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၅၀ တက်ရောက်ခဲ့ကြပြီး၊  မြောင်းမြခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်ပြန်/ဆက်