ကောလင်း သြဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့အတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့် အညီ အစီအမံများ ဆောင်ရွက်ထားခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကောလင်းမြို့ စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ရှောင်တခင်လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်ရောင်းချ စားသောက်ခွင့်ပြုနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင် ရေးအတွက် ပြင်ဆင်ထားရှိရန် အချက်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသော စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်များတွင် ပြင်ဆင်ထားရှိရန် အချက်များနှင့် အညီ လိုက်နာဆောင်ရွက်သည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်စားသောက် ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ပြန်လည်ဖွင့် လှစ်ရောင်း ချရာတွင် အပူချိန်တိုင်းခြင်း၊ လက်ဆေးရန်၊ လေအေးပေးစက်ရှိက ပြတင်းပေါက်များ ဖွင့်ထားရန်၊ သတ္ထု၊ မှန်၊ သစ်သားပြားဖြင့်ကန့်ထားရန်၊ (၅) ဦးထက် မပိုသော မိသားစုဖြစ်ပါက စားပွဲစီစဉ် ပေးရန်၊ တစ်ခါသုံး (သို့)မဟုတ် ပိုးသတ်ထားသော ပန်းကန်၊ ဇွန်းများသုံးရန်၊ အစားအသောက်စာရင်းများကို ချိတ်ဆွဲထားရန်၊ ကိုဗစ်-၁၉ ပညာပေးဗီနိုင်းများချိတ်ဆွဲထားရန်၊ ငွေရှင်းကောင်တာရှေ့ မှန်ကာထားရန်၊ Hand-Gel ထားရှိရန်၊ သန့်စင်ခန်း၌ ရေဆေးဆပ်ပြာ ထားရရန်စသည့် ဆိုင်ရှင်၊ ဝန်ထမ်း၊ စားသုံးသူများ လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်း ချက်များအပေါ် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက ထိရောက်စွာ အရေးယူခြင်း များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အမှုဆောင်အရာရှိ ဦးဝဏ္ဏအောင်က ပြောကြားသည်။
ထိုစစ်ဆေးရေးအဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇင်မိုး အောင်၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး အမှုဆောင်အရာရှိ ဦးဝဏ္ဏအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးသူရစံနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များတို့ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)