အရာတော် ဩဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် ယမန်နေ့က စတင်ပြီး မုံရွာ-အရာတော်-ရွှေဘိုလမ်း မြို့အဝင်တွင် ကျန်းမာရေးစစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ခရီးသွားပြည်သူများအား ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးခြင်း၊ နေအိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ရေးနှင့် လက်ကိုဆပ်ပြာဖြင့် မကြာခဏ စနစ်တကျ ဆေးကြောရန် စသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်ဝေ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာများ၊ မြတ်ပညာ ပညာရေးပံ့ပိုးကူညီမှု ပရဟိတအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ ပြည်သူများအား ရောဂါ ကူးစက်မှု မရှိစေရန် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နွယ်နီမြင့် (ပြန်/ဆက်)