ပုလဲ ဩဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့၊ ပုလဲရတနာခန်းမ၌ ယနေ့ နံနက် ၁၀နာရီက COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်ရေးနှင့် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသန်းနိုင်က COVID-19ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးတင်ဌေးက ၂၀၂၀ ပြည့်နှစ် နိုင်ဝင်ဘာလ၈ရက်နေ့တွင် ကျင်းပပြုလုပ် မည့် အထွေထွေရွေးကောက်ပွဲအတွက် အရန်ရဲတပ်ဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးမည့် ကိစ္စရပ်များကို လည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ခင်ခင်ဆွေက ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ဆယ်အိမ်စုအလိုက် မဲဆန္ဒရှင်စာရင်းမှာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ မကျန်ရှိစေရေးနှင့် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများ ရရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးဦးစီးအရာရှိ ဦးညီညီက အသက်၁၈နှစ် ပြည့်ပြီးသည့် ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေ အနေများကို လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူးဦးမြင့်ကျော်က COVID-19 ရောဂါဖြစ်ပွားနေမှု အခြေအနေများနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို လည်းကောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက COVID-19ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ သိရှိလိုသည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်သည့်ကဏ္ဍအလိုက်ဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအမံများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)