ဘုတလင် မတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ မြို့မဈေးရှိ ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့် အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများအား ယမန်နေ့ နံနက်ပိုင်းက COVID-19 ရောဂါ ကင်းဝေးစေရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
COVID-19 ရောဂါ ကင်းဝေးစေရေး အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာဖြိုးကျော်အောင်က COVID-19 ရောဂါ သံသယဖြစ်ဖွယ် လက္ခဏာများ၊ ရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများ၊ ရောဂါကာကွယ်ရန်အတွက် နှာခေါင်းစည်းတပ်ခြင်းနှင့် လက်ကိုစင်ကြယ်စွာ ဆေးကြောခြင်းတို့ဖြင့် ကြိုတင်ကာကွယ်ကြရန်နှင့် COVID-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက COVID-19 ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြပြီး ဗီနိုင်းပိုစတာများ ချိတ်ဆွဲကာ အသိပညာပေး ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ COVID-19 ရောဂါ ကင်းဝေးစေရေး အသိပညာပေး ဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်နှင့် ကော်မတီဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဖြိုးကျော်အောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်းပါဝင်ခဲ့ကြကြောင်းသိရသည်။
ဖိုးခါး(ပြန်/ဆက်)