သထုံ မတ် ၂၅
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲမှုဦးစီးဌာနမှ အသိအမှတ်ပြုထားသော စံချိန်စံညွန်း အရည်အသွေးပြည့်မီသည့် ဆေးဝါးများနှင့် စားသောက်ကုန်များ ရောင်းချရေးဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်းကို ယနေ့နံနက်က မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ ပူးပေါင်း၍ လိုက်လံ ဆောင်ရွက် ခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မောင်မောင်နှင့် ကော်မတီဝင်များတို့က သထုံမြို့ပေါ် ရပ်ကွက်များရှိ အိမ်သုံးဆေးဝါးဆိုင်များ၊ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များတို့၌ အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲမှုဦးစီးဌာနမှ အသိအမှတ်ပြုထားသည့်အိမ်သုံးဆေးဝါးများ၊ အစားအသောက်များ၊ နို့မှုန့်များ၊ ကလေးဖြည့်စွက်အဟာရမှုန့်များ စသည်တို့ကိုသာ ရောင်းချရေး၊ စံချိန်စံညွှန်းအရည်အသွေး ပြည့်မီသည့်ဆေးဝါးများနှင့် စားသောက်ကုန်များသာ ရောင်းချရေး၊ ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက် အလက်များ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှု ရှိ/မရှိ စသည်တို့ကို ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်း လိုက်လံ ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါစစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တိုင်ရင်းဆေးဦးစီးဌာန၊ FDA စသည့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များတို့ ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ကိုကိုဦး