မိုင်းယု မတ် ၂၅
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် လမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ (၆လ) (Mini)၊ ပြည်နယ် (ပြင်/ထိန်း) ခွင့်ပြုရန် ပုံငွေများဖြင့် မိုင်းယောင်း-မိုင်းယုကားလမ်းမ Box Culvert အသစ်တည်ဆောက်ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းကျင်း လုပ်ငန်းများကို ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလက စတင်ခဲ့ပြီး ယခု ၂၀၂၂ ခုနှစ်၊ မတ်လ၌ ရာနှုန်းပြည့် ပြီးစီးတော့မည် ဖြစ်သည်။
အဆိုပါ လမ်းခင်းကျင်းမှုကို မိုင်းယောင်းမြို့နယ် လမ်းဦးစီးဌာနမှ ကြီးကြပ်/တာဝန်ခံအင်ဂျင်နီယာ ဦးထက်ဝေတင့် ( ဦးစီးအရာရှိ၊ (မြို့/ပြ)က တာဝန်ယူလျက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၏ (၆လ)(Mini)၊ ပြည်နယ် (ပြင်/ထိန်း) ခွင့်ပြုရန်ပုံငွေများဖြစ်သည့် ကျပ် (၂၂) သန်းဖြင့် လမ်းအရှည် ၂၇ ကီလိုမီတာနှင့် ၂၈ ကီလိုမီတာအတွင်းရှိ Pipe Culvert (၂) စင်းအား (၁ ဒဿမ ၅၂ မီတာ ၁ ဒဿမ ၅၂ မီတာ ၉ ဒဿမ ၁၄ မီတာ) ရှိသည့် Box Culvert အသစ်နှင့် ကျပ် (၁၁) သန်းဖြင့် လမ်းအရှည် ၂၆ ကီလိုမီတာနှင့် ၂၇ မီတာအတွင်းရှိ Pipe Culvert တစ်စင်းအား (၁ ဒဿမ ၅၂ မီတာ ၁ ဒဿမ ၅၂ မီတာ ၉ ဒဿမ ၁၄ မီတာ)ရှိသည့် Box Culvertအသစ် တည်ဆောက်ခြင်း လုပ်ငန်းတို့ကိုလည်းကောင်း ဆောင်ရွက်နေလျက်ရှိပြီး ယင်းလုပ်ငန်းကို ဇန်နဝါရီလ ကုန်ရက် က အပြီးတည်ဆောက်ခဲ့ကြသည်။
အလားတူ ကျပ် (၁၁၁ ဒဿမ ၃၄၇) သန်းဖြင့် မိုင်းယောင်း-မိုင်းယုကားလမ်း ( ၂၆ ဒဿမ ၇၂ ကီလိုမီတာမှ ၂၇ ဒဿမ ၃ ကီလိုမီတာအထိ လမ်းအရှည် သုည ဒဿမ ၅၈ ကီလိုမီတာ၊ အကျယ် ၃ ဒဿမ ၆၆ မီတာနှင့် ကျပ် (၁၁၅ ဒဿမ ၉၂၀) သန်းဖြင့် ကားလမ်းမ ၂၇ ဒဿမ ၃ ကီလိုမီတာမှ ၂၇ ဒဿမ ၉ ကီလိုမီတာအကြားရှိ လမ်းအရှည် သုည ဒဿမ ၆ ကီလိုမီတာ၊ အကျယ် ၃ ဒဿမ ၆၆ မီတာရှိကြသည့် ကတ္တရာထပ်ပိုးလွှာခင်းကျင်းခြင်း လုပ်ငန်းတို့ကိုလည်းကောင်း အသီးသီးဆောင်ရွက်နေလျက် ရှိကြပြီး ၎င်းကတ္တရာထပ်ပိုးလွှာ ခင်းကျင်းခြင်းလုပ်ငန်းကို မတ်လကုန်ရက်တွင် အပြီးသတ်ခင်းကျင်းသွားမည်ဖြစ်ကြောင်း သိရ သည်။
ကိုကိုနိုင်(မိုင်းယု)