မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ဆိပ်ဖြူ ဩဂုတ် ၃၁

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂ဝပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ငွေသဲဖြူခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းက ဆိပ်ဖြူမြို့နယ်နှင့် ချောက်မြို့နယ်တို့မှ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံ၍ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးနှင့် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြောညာချက်တွင် မဲဆန္ဒရှင်များ၏ ပြင်ဆင် ၊ ဖြည့်စွက်၊ ကန့်ကွက်လွှာများ ဆောင်ရွက်မှု အခြေအနေများ အမှားအယွင်းများမရှိ ပြင်ဆင်နိုင်ရေး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန် ကြေညာနိုင်ရေးအတွက် သက်ဆိုင်ရာဌာန အသီးသီးတို့က ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ရေး တို့ကို လမ်းညွှန်အမှာစကားများပြောကြားခဲ့သည်။

ထို့နောက် ဆိပ်ဖြူမြို့နယ်နှင့် ချောက်မြို့နယ်တို့မှ မြို့နယ်ကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူးများက သက်ဆိုင်ရာ မြို့နယ်များတွင် ရပ်ကွက်ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲတို့မှ တင်ပြလာသည့် မဲဆန္ဒရှင်များ၏  ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်လွှာများကို စိစစ် ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်စီးမှူးက မဲဆန္ဒရှင် များအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးနေမှု လုပ်ငန်းများကိုတင်ပြကြပြီး ချောက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းနှင့်  ဆိပ်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်တို့က သက်ဆိုင်ရာဌာနအသီးသီးနှင့်ပူးပေါင်းကာ ၂၀၂ဝပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအ‌​ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်နေမှုများကို ဖြည့်စွက် တင်ပြခဲ့သည်။

ထိုသို့ တင်ပြချက် အသီးသီးအပေါ် မကွေးတိုင်းဒေသကြီး အစိုရအဖွဲ့အတွင်းရေးမှူးက ဖြည့်စွက်လမ်းညွှန်အမှာစကားများနှင့် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို အလေးထား လိုက်နာဆောင်ရွက်ရေးတို့ကို‌ ဆွေးနွေးမှာကြားကြောင်း သိရှိရသည်။

ကိုဇွဲ(အညာမြေ)