ပွင့်ဖြူမြို့နယ်တွင် မဲဇလီရေလွှဲဆည်ရေဖြင့် ဒေသခံတောင်သူများ နွေနှမ်းနှင့် အခြားနွေသီးနှံ စတင်စိုက်ပျိုး

ပွင့်ဖြူ မတ်  ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေသီးနှံလျာထားဧက ပြည့်မီရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် နွေနှမ်းနှင့် အခြားနွေသီးနှံ စတင်စိုက်ပျိုးလုပ်ကိုင်နေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။

မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက မတ်လ(၁)ရက်နေ့က စပြီး မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် လယ်ယာမြေစိုက်ခင်းများအရောက် စနစ် တကျ ဖြန့်ဝေပေးသဖြင့် ဒေသခံတောင်သူများ နွေသီးနှံ အဆင်ပြေစွာ စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိကြောင်း သိရ သည်။

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က ဒေသခံတောင်သူတွေဟာ မဲဇလီရေလွှဲဆည်ရေဖြင့် နှစ်စဉ် နွေသီးနှံ စိုက်ပျိုးရေးကို အားထားလုပ်ကိုင်ကြပါတယ်။ နွေသီးနှံစိုက်ပျိုးရာတွင် နွေစပါးနဲ့ နွေနှမ်းကို အဓိက စိုက်ပျိုး လုပ်ကိုင်ကြပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ ဆည်ရေနည်းတဲ့အတွက် နွေစပါးအတွက် ဖြန့်ဝေပေးနိုင်ခြင်း မရှိလို့ နွေနှမ်းနဲ့ အခြားနွေသီးနှံကိုပဲ စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တောင်သူများက နွေသီးနှံ လျာထားဧက ပြည့်မီရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် မိမိတို့၏လယ်ယာမြေများကို ထွန်ယက် ပြုပြင်ပြီးတော့ နွေနှမ်းနဲ့ အခြားနွေသီးနှံများကို စတင်စိုက်ပျိုးလုပ်ကိုင်နေကြပြီဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့နယ်ဟာဆိုရင် မကွေးတိုင်း ဒေသကြီးအတွင်း ဆည်ရေသောက်ဧရိယာအများဆုံးလည်း ဖြစ်ပါတယ်။  ဒေသခံတောင်သူတွေ အဓိက စိုက်ပျိုးတာကတော့  စပါး၊ နှမ်း၊ ကုလားပဲ၊ နေကြာ၊ မြေပဲ၊ ပဲထောပတ်၊ ဖူးစားပြောင်းတို့ကို အများဆုံး စိုက်ပျိုး ကြပါတယ်။ စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် ရာသီအလိုက် သီးနှံစိုက်ပျိုးရေးလုပ်ငန်းဟာ အောင်မြင် ဖြစ်ထွန်းမှု ရှိပါတယ်” ဟု ပွင့်ဖြူမြို့နယ် စံပြကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။ 

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် နွေနှမ်း ၆၀၄၂၈ ဧက၊ မင်းဘူး (စကု)မြို့နယ်အတွင်းရှိ အိုင်းမရေလွှဲဆည်ရေဖြင့် ဧက ၅၀၀၊ စုစုပေါင်း နွေနှမ်းစိုက်ပျိုးဧက ၆၀၉၂၈ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပြီး ဒေသခံတောင်သူများက မဲဇလီ ရေလွှဲဆည်ရေဖြင့် နွေသီးနှံလျာထားဧက ပြည့်မီရေးအတွက် လယ်ယာသုံးစက်ကိရိယာများဖြင့် လည်းကောင်း၊ ကျွဲနွားများဖြင့် လည်းကောင်း အားသွန်ခွန်စိုက် ကြိုးပမ်းလုပ်ကိုင်နေကြကြောင်း သိရသည်။  

ရဲဝင်းနိုင် ( ညောင်ဦး )