ကျုံပျော် မတ် ၂၅
၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်း အမှတ်အဖြစ် ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများထံသို့ ဖြန့်ဝေခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၌ ယနေ့ နံနက်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်နှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများထံသို့ ၎င်းမြို့မဈေးအတွင်းရှိ ဈေးရောင်းဝယ်ကြသူများထံသို့ ၎င်းစောင်ရေ (၂၅၀)အား အသီးသီးသွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂)ရပ်၊ ကာကွယ်စောင့်ရှောက်သွားမည်သာ ခေါင်းစဉ်ဖြင့် သမိုင်းကြောင်း အစဉ်အလာကြီးမားသည့် မြန်မာ့တပ်မတော်အကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်၊ ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ၂၇.၃.၂၀၂၁ ရက်နေ့ (၇၆)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်နှင့် ကဗျာ ဆရာ စိုးမိုး(ပုသိမ်)၏ နွေအလှကဗျာနှင့် စသည်တို့ပါဝင်ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)