သီပေါ မတ် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ရွှေတောင်ကျေးရွာ စာကြည့်တိုက် ကော်မတီဝင်များနှင့် ကျောက်မဲ ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက နောင်ကတ်ကျေးရွာ ရွှေတောင်ပညာအလင်း စာကြည့်တိုက်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်မဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်လေးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီးနောက် “မီးခိုးမြူငွေ့ အန္တရာယ် ဝိုင်းဝန်းစုပေါင်း ကာကွယ်” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ဆက်လက်၍ ပတ်ဝန်းကျင် ထိမ်းသိန်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လက်ရှိလုပ်ဆောင်နေဆဲ လုပ်ငန်းများနှင့် ရှေ့ဆက်လုပ်ဆောင် သွားမည့် လုပ်ငန်းစဉ်များအကြောင်းကို ပရိုဂျက်တာဖြင့် ရှင်းလင်းဟောပြော ခဲ့ကြောင်းသိရသည်။
ထို့နောက် ကျောက်မဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ နောင်ကတ်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသူ၊ ရွာသားများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)