သံတွဲ မတ် ၂၄
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၅)ရပ်ကွက်ရှိ အ-ထ-က(ခွဲ) ငကျော်တောင်ကျောင်း၌ ကျင်းပ ပြုလုပ်သည်။
ဟောပြောပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်စိန်က အားကစားနှင့် စိတ်ဓာတ်မြင့်မားရေးခေါင်းစဉ်ဖြင့် ကျောင်းသား/ ကျောင်းသူလေးများက ကျောင်းပညာရေးအပြင် နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်တိုးတက်မြင့်မာလာစေရေးတို့အတွက် ကိုယ်လက်လှုပ်ရှား အားစားလေ့ကျင့်ခန်းများ ဆောင်ရွက်ရေး အားကစားသင်တန်းများတက်ရောက်ပြီး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်နှင့် အားကစာကဏ္ဍဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဟောပြောပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်ရုံးမှလက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် တိုင်းချစ်ပြည်ချစ်စိတ် ထက်သန်စေရေး ခေါင်းစဉ်ဖြင့် ဟောပြောရာ၌ ကျောင်းသား/သူများ အနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံတာဝန်များကို ထမ်းဆောင်မည့် သားကောင်းသမီးရတနာများဖြစ်သဖြင့် အသိပညာ၊ အတတ်ပညာများ တိုးပွား လာအောင် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိ အသုံးချပြီး လေ့လာဆည်းပူး နေဖို့လိုပါကြောင်း နောင်အနာဂါတ်အတွက် ရည်မှန်းချက်များ ထားရှိကာ ကြိုးစားသွားရမည် ဖြစ်ပြီး၊ အကျင့်စာရိတ္တကောင်မွန်ပြီး မျိုးချစ်စိတ်ရှင်သန်ထက်မြစ်ပြီး နိုင်ငံနှင့် လူမျိုးကိုချစ်မြတ်နိုး တန်ဖိုးထားတတ်ဖို့လိုပါကြောင်းနှင့် အသိပညာဗဟုသုတများ တိုးပွါးလာစေရေးအတွက် စာကြည့်တိုက်များကို အသုံးချလေ့လာဆည်းပူးပြီး နွေရာသီကျောင်းပိတ်ရက်များတွင် ဌာန အသီးသီးမှ ဖွင့်လှစ်သည့် သင်တန်းများကို တက်ရောက်ကြစေလိုပါကြောင်းနှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာများကို ဟောပြော ဆွေးနွေးခဲ့သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန၊သံတွဲခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနိုင်က စိတ်ဓာတ် ကောင်းမွန်ရေးနှင့်စည်းကမ်းကောင်းမွန်ရေးခေါင်းစဉ်ဖြင့် စိတ်ဓါတ်၊ စည်းကမ်း၊ ပညာဆိုသည့်ဆောင်ပုဒ်နှင့်အညီ ရိုးသား ကြိုးစာပြီး အကျင့်စာရိတ္တ ကောင်းမွန်အောင် ကြိုးစားကြရန်လိုအပ်ကြောင်း၊ ဆရာ၊ဆရာမများ၊ မိဘများ၊လူကြီးသူမများ၏ ပြောဆိုသွန်သင် ဆုံးမမှုများကို အလေးထားမှတ်သားပြီး အသိပညာအတတ်ပညာများ တိုးပွားလာစေရေး အတွက် စာအုပ်စာပေများကို လေ့လာဖတ်ရှုကာ နိုင်ငံနှင့်လူမျိုးအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်သည့် သားကောင်း သမီးကောင်း များဖြစ်အောင် ကြိုးစားကြရန် ဟောပြောခဲ့သည်။
ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှပေးအပ်လှူဒါန်းသည့် အားကစားပစ္စည်းများကို လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်စိန်ကပေးအပ်ရာအ-ထ-က(ခွဲ) ငကျော်တောင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီဝင်းက လက်ခံရယူခဲ့သည်။
ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသည့် စာအုပ်ပြပွဲသို့ ကျောင်းသား၊ကျောင်းသူများနှင့် ဆရာဆရာမများ ကြည့်ရှုလေ့လာကြရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က စာအုပ်ပြပွဲ ကျင်းပရခြင်းနှင့် ယခုပြသထားသည့် စာအုပ်များကို လေ့လာဖတ်ရှုလိုပါက မှတ်သားထားပြီး သံတွဲခရိုင် လူထုအခြေပြု ဗဟိုဌာန (Community Centre) စာကြည့်တိုက်တွင်လာရောက်အခမဲ့ ငှါးရမ်းဖတ်ရှုနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
သန့်ဇင်(ခရိုင်ပြန်/ဆက်)