မြောက်ဦး မတ် ၂၄
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက် အလက(၃)၊ အထက(ခွဲ)ကျောင်း၌ အလယ်တန်း အဆင့်ကျောင်းသူ/သားများအား လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦလှမြင့်အောင်က အားကစားနှင့် စိတ်ဓါတ်မြင့်မားရေးခေါင်းစဉ်ဖြင့် လူငယ်များသည် အားကစားကို မဖြစ်မနေပြုလုပ်ရမည်ဖြစ်ကြောင်း၊ အားမှကစားရခြင်း မဟုတ် ဘဲ ကိုယ်လက်လှုပ်ရှား ကျန်းမာရေးလေ့ကျင့်ခန်းများအား မှန်မှန်ပြုလုပ်သင့်ကြောင်း၊ လူငယ်များအတွက် နွေရာသီကျောင်း ပိတ်ရက်များတွင် ဖွင့်လှစ်မည့် အားကစားသင်တန်များအား တက်ရောက်ကြရန် ဖိတ်ခေါ်ကြောင်း စသည်ဖြင့်လည်းကောင်း၊ ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး (တာဝန်ပေး) ဦးတင်ရွှေက အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် တိုင်းချစ်ပြည်ချစ် စိတ်ထက်သန် စေရေးခေါင်းစဉ်ဖြင့် လူငယ်များတိုးတက်ဖို့ရာတွင် အကျင့်စာရိတ္တသည် ပဓာနဖြစ်ကြောင်း၊ စိတ်ဓါတ်၊ စည်းကမ်း၊ ပညာဆိုသည့်အတိုင်း စိတ်ဓါတ်ကောင်းမြတ်ရန် အလွန်အရေးကြီးကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့၏တိုင်းပြည်နှင့်လူမျိုးကို ချစ်ခင်မြတ်နိုးစိတ် အစဉ်ရှိရမည်ဖြစ်ပြီး တိုင်းရင်းသားအချင်းချင်း ငြိမ်းချမ်းချစ်ကြည်စွာ နေထိုင်သင့်ကြောင်း စသည်ဖြင့် လည်း ကောင်း၊ ခရိုင်ပညာရေးဦးစီးဌာနမှ ခရိုင်ပညာရေးမှူး ဒေါ်တင်တင်မြင့်က စိတ်ဓါတ် ကောင်းမွန်ရေးနှင့် စည်းကမ်းကောင်းမွန်ရေး ခေါင်းစဉ်ဖြင့် လူတစ်ဦးတစ်ယောက်၏ အခြေခံအကျဆုံးမှာ စိတ်ဓါတ်ဖြစ်ကြောင်း၊ စိတ်ဓါတ် စည်းကမ်းကောင်းမွန်သော အနာဂတ်ခေါင်းဆောင် ကောင်းများဖြစ်လာအောင် ကြိုးစားရန်လိုအပ်ကြောင်း စသည်ဖြင့်လည်းကောင်း၊ ထမ္မရာဇ် ရပ်ကွက် အလက(၃)၊ အထက(ခွဲ)ကျောင်း၏ ကျောင်းအုပ်ဆရာကြီးမှ ကျောင်းသားလူငယ်များအား ဆုံးမသြဝါဒ စကားပြောကြားရာတွင် လည်း စိတ်ဓါတ်ကောင်းဖို့သည် အဓိကဖြစ် ကြောင်း စသည်ဖြင့်လည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။
ယင်းနောက် ထမ္မရာဇ်ရပ်ကွက်၊ အလက(၃)၊ အထက(ခွဲ)ကျောင်းသို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီးမှ လက်ခံရယူကာ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးပြီးနောက် အခမ်းအနားပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။
မြင့်စိုး(ပြန်/ဆက်)